DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာဒေသကို လာရောက်ခိုလှုံသည့် မြန်မာဒုက္ခသည် ၆၀၀၀ ကျော်ရှိလာ
DVB
·
November 26, 2023
မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာဒေသကို လာရောက်ခိုလှုံသည့် မြန်မာဒုက္ခသည် ၆၀၀၀ ကျော်ရှိလာ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာ ဒေသကို လာရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် အရေအတွက်  ၆၀၀၀ ကျော်ရှိသွားပြီလို့  ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်ကို  ကိုးကားပြီး အိန္ဒိယ ANI သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးလာခဲ့ကြသူတွေအပြင် မကြားသေးခင်က ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်ထဲက ဇိုခေါ်သာနယ်မြေမှာ လာရောက် ခိုလှုံနေကြတာပါ။

ချမ်ဖိုင်ခရိုင် အုပ်ချုပ်ရေးရုံးကနေ လတ်တလောကောက်ယူခဲ့တဲ့ လူဦးရေစစ်တမ်းအရ ဇိုခေါ်သာနယ် မြေအတွင်းက ဒုက္ခသည်စခန်းတွေနဲ့ ဆွေမျိုးတွေအိမ်တွေမှာ လာရောက် ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ၆၂၀၁ ယောက်ရှိတယ်လို့ သိရပါတယ်။

ဇိုခေါ်သာရွာဟာ ချမ်ဖိုင်းခရိုင်ထဲမှာ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အစွန်ဆုံးနယ်မြေဖြစ်ပြီး အဲဒီနေရာမှာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုး တားဆီးကာကွယ်ထားခြင်း မရှိပါဘူး။

ချမ်ဖိုင်းခရိုင်အတွင်းက တခြားနယ်မြေတွေမှာလည်း နောက်ထပ် မြန်မာဒုက္ခသည် အမြောက်အမြား လာရောက်ခိုလှုံနေထိုင်နေကြကြောင်း သိရတယ်လို့ ချမ်ဖိုင်းခရိုင် အုပ်ချုပ်ရေးဌာန လက်ထောက်ကော်မရှင်နာက ANI သတင်းဌာနကို ပြောပါတယ်။

“ပြီခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ အချက်လက်တွေအရ ဇိုခေါ်သာဒေသတစ်ခုတည်းမှာတင် ရှိနေတဲ့ မြန်မာဒုက္ခသည်စုစုပေါင်း ၆၂၀၁ ယောက်ရှိပါတယ်။ အဲဒီထဲက ၃၂၉၀ က ဒုက္ခသည် စခန်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေကြပြီး ကျန်တဲ့သူတွေကတော့ ဇိုခေါ်သာနယ်မြေထဲက သူတို့ရဲ့ ဆွေမျိုးတွေရဲ့အိမ်တွေမှာ နေကြပါတယ်။”

ဒုက္ခသည်စခန်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေကြသူတွေထဲက ၉၉၂ ယောက်ဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး၊ ၁၃၂၂ ကတော့ ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဇိုခေါ်သာကို လာရောက်ခိုလှုံခဲ့ကြတဲ့ တချို့ဒုက္ခသည်တွေဟာ မိမိတို့နေရပ်ကို ပြန်သွားခဲ့ကြပြီ ဖြစ်တယ်လို့လည်းသိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား အခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယကို ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာ ဒုက္ခသည်တွေက မြန်မာနိုင်ငံမှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ စစ်ဘေးဒုက္ခ အတွေ့အကြုံတွေကို ရိုက်တာသတင်းဌာနကို ပြန်လည် ပြောပြခဲ့ကြပါတယ်။

မိသားစုဝင်တွေနဲ့အတူ ဇော်ခိုသာကို ထွက်ပြေးလာခဲ့တဲ့ စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးက သူတို့ရွာမှာ စစ်တပ်က တံခါးတွေဖျက်ပြီး အိမ်ထဲကလူတွေကို ဖိအားပေးအပြင်ထွက်ခိုင်းခဲ့တဲ့ အကြောင်းကို ပြန်ပြောပြပါတယ်။

“အဲဒီမှာတုန်းကဆိုရင် စစ်တပ်ကြောင့် ပြဿနာတွေ အများကြီးကြုံရတယ်။ မြန်မာစစ်တပ်က ရွာမှာ တအိမ်တက်ဆင်း အိမ်တံခါးတွေလိုက်ခေါက်ပြီး အိမ်မှာရှိသမျှ လူအကုန်ကို အပြင်ထွက်ခိုင်းတာ။ တချို့ကတော့ အရမ်းကြောက်ပြီး အိမ်ထဲမှာပဲ ပုန်းနေကြတာပေါ့။ အဲတော့ စစ်တပ်ကတံခါးတွေကိုဖျက်ပြီး အထဲကလူတွေကို အပြင်ထွက်ခိုင်းတာ။ အဲဒီအချိန်ကတော့ အဆိုးဆုံးပဲ။”

နောက်ထပ် စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း “လူတွေအများကြီး သေကြတယ်လေ။ အလုပ်လည်းမရှိတော့ ဝင်ငွေလည်း မရှိဘူး။ အဲဒါကြောင့် အိန္ဒိယကို ပြေးလာကြတာပါ” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံဆီ စစ်ဘေးရှောင်ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ အိန္ဒိယ အရှေ့မြောက်ပြည်နယ်မှာ ခိုလှုံနေကြသူပေါင်း ၃၂,၀၀၀ လောက် ရှိနေတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ခန့်မှန်းပါတယ်။

သူတို့ထဲက အများစုကတော့ ကယ်ဆယ်ရေးစခန်းတွေနဲ့ အစိုးရ အဆောက်အအုံတွေမှာ နေထိုင်ကြပြီး တချို့က ဆွေမျိုးတွေဆီ နေထိုင်ကြကာ အတော်များများကတော့ အိမ်ငှားပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်က မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးတယောက်နဲ့ ဗိုလ်ကြီးတယောက်အပါအဝင် တပ်ဖွဲ့ဝင် ၂၉ ယောက်ကို သက်ဆိုင်ရာ အိန္ဒိယ အာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လုံခြုံရေး အခြေအနေတွေ ပိုဆိုးလာတာကြောင့် မဖြစ်မနေကိစ္စမရှိဘဲ မလိုအပ်ပါက မြန်မာနိုင်ငံကို ခရီးသွားလာတာ ရှောင်ကြဉ်ကြဖို့ အိန္ဒိယအစိုးရက သူ့နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Source: ANI/Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013