DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးသက်ဆိုင်သူများပါဝင်သည့်  ဆွေးနွေးပွဲ အင်ဒိုနီးရှားတွင် ကျင်းပ 
DVB
·
November 25, 2023
မြန်မာ့အရေးသက်ဆိုင်သူများပါဝင်သည့်  ဆွေးနွေးပွဲ အင်ဒိုနီးရှားတွင် ကျင်းပ 
Donate to DVB

မြန်မာ့အရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့  အစည်းအဝေးတခုကို အခုသီတင်းပတ်အတွင်း ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက အာဆီယံအထူးကိုယ်စားလှယ်ရုံးသတင်းရင်းမြစ်ကို ကိုးကားပြီး နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကို  နွေဦးတော်လှန်ရေးကို ကိုယ်စားပြုသူတွေ၊ စစ်အာဏာရှင်ဘက်က လာရောက်ဆွေးနွေးသူတွေအပြင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ အစရှိတဲ့ မြန်မာ့အရေးအတွက် အရေးပါတဲ့အဖွဲ့တွေ အစုံအလင်တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီအစည်းအဝေးကို နောက်နှစ်မှာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့် လာအိုအစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေလည်း  တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားက ဆောင်ရွက်နေတဲ့ မြန်မာ့အရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေးနဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေရရှိရေးအတွက် အဖွဲ့အစည်းအားလုံးပါဝင်တဲ့ ဆွေးနွေးမှုဖြစ်ပေါ်လာရေးအတွက် မြန်မာ့အရေးမှာ အရေးပါတဲ့ အဖွဲ့အစည်းတွေ ပါဝင်တဲ့ အစည်းအဝေးတစ်ခုကို မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးက စီစဉ်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အင်ဒိုနီးရှားဟာ သူ့ရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းတလျှောက် စစ်ကောင်စီအပါအဝင် မြန်မာ့အရေးသက်ဆိုင်ရာ အဖွဲ့အစည်းအမြောက်အမြားနဲ့ အကြိမ်ပေါင်း ၁၈၀ ကျော် တွေ့ဆုံညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်ရုံးက စီစဉ်ဆောင်ရွက်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ NUG အပါအဝင် နွေဦးတော်လှန်ရေးဘက်ကကိုယ်စားလှယ်တွေ၊ စစ်ကောင်စီဘက်မှ လာရောက်ဆွေးနွေးသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအစရှိသည်ဖြင့် သက်ဆိုင်ရာအဖွဲ့တွေနဲ့ သီးခြားစီအဖွဲ့လိုက် ဆွေးနွေးခဲ့တာဖြစ်တယ်လို့ဆိုပေမဲ့ ဘယ်သူဘယ်ပုဂ္ဂိုလ်တွေလည်းဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။

အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုဖြစ်မြောက်လာရေးနဲ့ မြန်မာနိုင်ငံက ပဋိပက္ခဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အန္တရာယ်ကင်းစွာပေးပို့နိုင်ရေးတို့ဟာ ဒီအစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်တွေဖြစ်ကြောင်း  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အားလုံးလက်ခံ သဘောတူတဲ့ နိုင်ငံရေးအဖြေရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းမှု ပေါ်ပေါက်လာစေရေးရည်ရွယ်ပြီး အထူးကိုယ်စားလှယ်ရုံးက ပဋိပက္ခအတွင်း ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့တွေကြား သတင်းစကားအပြန်အလှန်ပေးပို့ခြင်းတွေကိုလည်း ကြား ခံဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ကြားသိရတဲ့ သတင်းစကားတွေကြောင့် သက်ဆိုင်ရာအဖွဲ့တွေဟာ မကြာမီမှာ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုဖြစ်ပေါ်လာရေးအတွက် အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေ ပြခဲ့ကြတယ်လို့ အထူးကိုယ်စားလှယ်ရုံးက ပြောပါတယ်။

အစည်းအဝေးတက်ရောက်လာကြတဲ့ အဖွဲ့တွေဟာ အင်ဒိုနီးရှား ဒု-နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း သီးခြားစီ တွေ့ဆုံခွင့်ရခဲ့ကြပြီး  အားလုံးပါဝင်တဲ့ ဆွေးနွေးမှုနဲ့ နိုင်ငံရေးအရ အဖြေရှာခြင်းကသာလျှင် လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် အဖြေဖြစ်ကြောင်း အားလုံးကို ဒုဝန်ကြီးက ပြောခဲ့တယ်လို့ဆိုပါတယ်။

တက်ရောက်လာကြတဲ့ အဖွဲ့တွေအားလုံးကလည်း မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အင်ဒိုနိးရှားရဲ့ ဇွဲရှိရှိနဲ့ မရပ်မနား တာဝန်ကျေအောင်ဆောင်ရွက်နေတာတွေအပေါ် အလေးအနက်အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ကြသလို သဘောတူညီချက် ၅ ရပ် ခိုင်မာစွာ အကောင်အထည်ပေါ်လာရေးအတွက် အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကိုလည်း တက်ရောက်လာတဲ့အဖွဲ့တွေက အားပေးထောက်ခံကြတယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်ရုံးမှ သံတမန် နဂူရာဆဝါဂျာယာက“အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ တည်ငြိမ်အေးချမ်းရေးရရှိစေမယ့် အားလုံးပါဝင်တဲ့ နိုင်ငံရေးအဖြေတစ်ခု ရလာဖို့ သံန္နိဋ္ဌာန်ချထားပြီး ကူညီဆောင်ရွက် နေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ ညီလာခံမှာ သဘောတူချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့အညီ မြန်မာနိုင်ငံသားတွေကို ကူညီဖို့ အာဆီယံရဲ့ ကြိုးပမ်းမှု ဆက်လက်အဓွန့်ရှည်စေရေးအတွက် အင်ဒိုနီးရှားဟာ ၂၀၂၄ ခုနှစ်မှာလည်း  ဥက္ကဋ္ဌဖြစ်လာမယ့် လာအို အစိုးရနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ အညီ အရပ်သားတွေ သေဆုံးနေရတာကနေ ကာကွယ်နိုင်ဖို့ အားလုံးနောက်ဆုတ်ကြဖို့နဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်ခဲ့ရသူတွေဆီကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လုံခြုံစွာပေးပို့နိုင်ရေးအတွက် ခွင့်ပြုပေးကြဖို့ မြန်မာ့နိုင်ငံရေးပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးကို အင်ဒိုနီးရှားက တိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက   လတ်တလော ၁၀၂၇ စစ်ဆင်ရေး အရှိန်မြှင့် ဆင်နွှဲနေရာမှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ  သိန်းနဲ့ချီ ထပ်မံ စစ်ဘေးရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013