
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီမှာ ကပ်လှူဖို့ရောင်းချနေတဲ့ ရွှေသင်္ကန်း(ရွှေဆိုင်း)တွေဟာ ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာပေမဲ့ အရည်အသွေးပိုင်း သိသိသာသာလျော့နည်းလာတယ်လို့ ဒေသခံတွေနဲ့ ဘုရားဖူးတွေက ပြောပါတယ်။
ကျိုက်ထီးရိုးစေတီမှာ ကပ်လှူနေတဲ့ ရွှေသင်္ကန်း(ရွှေဆိုင်း)တခုကို ပြီးခဲ့တဲ့နှစ်က ကျပ် ၂၅၀၀ မှ ၃၀၀၀ အထိသာရှိခဲ့ပေမဲ့ ယခုနှစ်မှာ ကျပ် ၅၀၀၀ အထိ နှစ်ဆမြင့်တက်လာပါတယ်။
ကျိုက်ထီးရိုးဒေသခံတဦးက “ဈေးက ၂၀၂၁ ကထက် တက်လာပေမဲ့ အရည်အသွေးကတော့ တော်တော်ကို စုတ်လာတာ။ အဲဒါကို ဘုရားဖူးပြည်သူတွေလည်း သိတယ်။ ကုသိုလ်ရစေခချင်လို့ ရွှေသင်္ကန်းကပ်ခိုင်းစေချင်တာထက် ဂေါပကက သူတို့ပိုက်ဆံရဖို့သာ ပြုလုပ်နေတာ”လို့ ပြောပါတယ်။
ကျိုက်ထီးရိုးစေတီရှိ ရွှေသင်္ကန်း(ရွှေဆိုင်း)တွေက အရင်ကလိုမဟုတ်တော့ဘဲ ရွှေဆိုင်းဖွင့်တာနဲ့ ကြေမွသွားတဲ့အတွက် ခက်ခက်ခဲခဲကပ်ယူခဲ့ရတယ်လို့ ဘုရားဖူးပြည်သူတဦးက ပြောပါတယ်။
"တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တဦးအတွက် ရည်စူးပြီး ရွှေဆိုင်းဝယ်ပြီး ကျိုက်ထီးရိုးစေတီမှာ ကပ်ဖို့ဝယ်တာ။ တဆိုင်းကို ကျပ် ၅၀၀၀ ဖြစ်သွားတာကို မပြောချင်ပေမဲ့ အရည်အသွေးက အရမ်းညံ့တာ။ ကြိုးဖြေဖြေချင်း ကြေမွသွားလို့ မနည်းကပ်ယူခဲ့ရတယ်။ နောက်ပြီး ကပ်ပြီးသားဟာတွေလည်း မဲနေတယ် " လို့ ပြောပါတယ်။

ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်ရှိ ရွှေသင်္ကန်း(ရွှေဆိုင်း)ဆိုင်ရှိ ရွှေဆိုင်းတွေဟာ ရန်ကုန်ကနေ ပို့ရတာဖြစ်လို့ ရောက်ရောက်ချင်း ဝန်ထမ်းတွေက ပြန်မသုတ်တာနဲ့ ရာသီဥတုအခြေအနေတွေကြောင့် အနည်းငယ်ပျက်စီးရတာဖြစ်နိုင်တယ်လို့ ကျိုက်ထီးရိုးမှာ ရွှေဆိုင်းလုပ်ဖို့ တင်ဒါအောင်ထားတဲ့ ရွှေဆိုင်းဆိုင်တခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့က အကယ်ဒမီရွှေကို ဝယ်ပြီး လုပ်ထားတဲ့အတွက် အရည်အသွေးပိုင်းနဲ့ ၉၉ ရာခိုင်နှုန်းကျော် အာမခံပါတယ်။ ရန်ကုန်ကနေ ကျိုက်ထီးရိုးအထိဆိုတော့ ခရီးကဝေးတယ်။ ဝန်ထမ်းတွေက ပစ္စည်းတွေကို ရောက်ရောင်ခြင်းမသုတ်တာတို့ ပစ္စည်းထားတာ စည်းကမ်းမရှိတာတို့ဆို ဖြစ်တတ်တယ်။ ရွှေတိဂုံစေတီမှာလဲ အဲဒီလိုတခါ ဖြစ်ဖူးတယ်။ ကပ်ပြီး ကျောက်လုံးတော်ရွှေတွေ မည်းသွားတာဟာ ရာသီဥတုအခြေအနေကြောင့်လည်း ပါတာကို ရွှေသင်္ကန်းကြောင့်ဆိုပြီး အပြစ်ပုံချလိုက်တာ ဖြစ်တယ်လို့။”
ရွှေသင်္ကန်း အရည်အသွေး လျော့နည်းလာတာနဲ့ပတ်သက်ပြီး ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဂေါပကလူကြီးတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။










