DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားရှိ ပုဂ္ဂလိကဆီဆိုင်ကို ရဲတပ်ဖွဲ့က ပိတ်ခိုင်း၊ ကချင်ပြည်နယ်အဝင် နန့်စီးအောင်ဂိတ် ပြန်ဖွင့်
DVB
·
November 22, 2023
မြစ်ကြီးနားရှိ ပုဂ္ဂလိကဆီဆိုင်ကို ရဲတပ်ဖွဲ့က ပိတ်ခိုင်း၊ ကချင်ပြည်နယ်အဝင် နန့်စီးအောင်ဂိတ် ပြန်ဖွင့်
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်က စက်သုံးဆီ ရောင်းချပေးနေတဲ့ ပုဂ္ဂလိကဆီဆိုင်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက် ဆီမရောင်းဖို့ ပိတ်သိမ်းခိုင်းခဲ့ပါတယ်။

မြစ်ကြီးနားမြို့က ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီ ရောင်းချမှုမရှိတော့ဘဲ စက်သုံးဆီ အကန့်အသတ်နဲ့ ရောင်းချပေးနေတဲ့ ပုဂ္ဂလိက ဆီဆိုင်ကို ရဲတပ်ဖွဲ့ဝင်တွေက ပိတ်သိမ်းခိုင်းခဲ့တာလို့ မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“တမြို့လုံးမှာလည်း ဆီဆိုင်အတော်များများက ဆီရောင်းချမှုမပေးတော့ဘူး။ ဆိုင်ကယ် ဆီထည့်မလို့ လိုက်ရှာတာ။ အဲဒီတစ်ဆိုင်ပဲ တွေ့လို့ ဝင်တန်းစီနေတုန်း ရဲတွေ သေနတ်တွေနဲ့ ရောက်လာပြီး ဆိုင်ပိတ်ခိုင်းတယ်။ ဆီရဖို့ တန်းစီနေတဲ့ ကားတွေ ဆိုင်ကယ်တွေ အများကြီးပဲ။ ဆိုင်ကလည်း သူတို့ ပိတ်ခိုင်းတော့ ဆိုင်ပိတ်ပြီး ဆီမရောင်းတော့ဘူး။ အဲဒီဆိုင်နားမှာ ရဲတွေလည်း စောင့်နေတယ်။”

ကျွန်းပင်သာရပ်ကွက် ကျွန်းပင်သာလမ်းနဲ့ ဇော်ဂျွန်းလမ်းထောင့်မှာရှိတဲ့  ဇေယျာမင်း ပုဂ္ဂလိက ဆီဆိုင်ကို ရဲတပ်ဖွဲ့ဝင် ၇ ဦးလောက်က သေနတ်တွေ ကိုင်ဆောင်ပြီး လူစုလူဝေးဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက် ပိတ်သိမ်းခိုင်းခဲ့တာပါ။

စက်သုံးဆီဆိုင် ဝန်ထမ်းတစ်ဦးက “မနက် ၁၀ နာရီလောက်မှာ ဆိုင်ပိတ်လိုက်ရတယ်။ ဆီတန်းစီနေတဲ့ ဆိုင်ကယ် ကားတွေများလို့ လူစုလူဝေးဖြစ်နေတယ်ဆိုပြီး ရဲတပ်ဖွဲ့က လာပိတ်ခိုင်းသွားတာ။ လူကြီး လမ်းကြောင်း ရှိတယ်လို့လည်း ပြောသွားတယ်။ လမ်းထိပ်မှာလည်း ရဲတွေ အရပ်ဝတ်နဲ့ သေနတ်တွေကိုင်ပြီး စောင့်နေတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်က စက်သုံးဆီ အရောင်းဆိုင်တွေမှာ 95 ဓာတ်ဆီ ဝယ်ယူလို့မရနိုင်တော့ဘဲ  ဒီနေ့ မနက်ပိုင်းမှာတော့ အကန့်အသတ်နဲ့ ရောင်းချပေးတဲ့ စက်သုံးဆီဆိုင်မှာတော့ ဓာတ်ဆီ 92 တစ်လီတာလျှင် ၃၀၀၀ ကျပ်ဝန်းကျင် ရောင်းချပေးနေပြီး လမ်းဘေး ဆီဆိုင်ငယ် (ဂေါက်ဆိုင်)တွေမှာတော့ 92 တစ်လီတာလျှင် ၄၅၀၀ မှ ၅၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချပေးနေတာလည်း ရှိပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးက “ဆီဆိုင်တွေမှာက ဆီလုံးဝ မရှိတာတော့ မဟုတ်နိုင်ဘူး။ ဆိုင်တွေက ပိတ်ထားပေမဲ့ တချို့ ဆီလာဝယ်တဲ့သူတွေကို လက်သိပ်ထိုး ရောင်းချပေးတာတွေ တွေ့နေရတယ်။ ဂါလန်ပုံးတွေနဲ့ လာဝယ်ကြသူတွေကို ရောင်းပေးနေတယ်။ ခွက်ခြင်နဲ့ ပြန်ရောင်းမယ့်သူတွေ ဖြစ်ဖို့များတယ်” လို့  ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်  ၁၅၀ ကျော် ရှိကာ  မြစ်ကြီးနား မြို့အတွင်း လိုင်စင်ရ  စက်သုံးဆီအရောင်းဆိုင် ၃၀ ကျော် ရှိပါတယ်။ တချို့ဆိုင်တွေမှာ ဆီ မရောင်းချတော့သလို တချို့ဆိုင်တွေကကတော့ စက်သုံးဆီ လက်သိပ်ထိုး ရောင်းဝယ်မှုတွေ ရှိနေပါသေးတယ်။

မန္တလေး-မြစ်ကြီးနား  လမ်းမကြီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က နန့်စီးအောင်ဂိတ်ကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့တဲ့နောက် နိုဝင်ဘာ ၁၈ ရက်က စတင်ပြီး စက်သုံးဆီ အပါအဝင် ကုန်စည်စီးဆင်းမှု ရပ်နားသွားခဲ့ရပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာတော့ နန့်စီးအောင်ဂိတ် တာဝန်ခံတွေက ပိတ်မိနေတဲ့ ကုန်ကားတွေ အိမ်စီးကားတွေကို စတင်ဖွင့်ပေးလိုက်ပြီလို့ မိုးညှင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက် နန့်စီးအောင်ဂိတ်ကနေ အရင်ရက်ကတည်းက ပိတ်နေတဲ့ကားတွေ စလွှတ်တယ်။ မလွှတ်လို့လည်း မရတော့ဘူးလေ။ ပစ္စည်းတွေက ရှားလာပြီ။ ဈေးးနှုန်းတွေ ထိန်းမနိုင်တော့ဘူး။ အခု ပြန်ဖွင့်လိုက်တော့ လုဝယ်နေတဲ့သူတွေ ပြန်ငြိမ်သွားတာပေါ့။” 

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကချင်ပြည်နယ်ရဲ့ မြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေမှာ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်ခါနီးအထိ ဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့က ကုန်စည်ဒိုင်တစ်ဦးက ပြောပါတယ်။

“လူသုံးကုန်တော့ အဲဒီလောက် မတက်ဘူး။ အဓိကစားသုံးကုန်ဖြစ်တဲ့ ကုန်စိမ်း ကုန်ခြောက် စားဆီတွေပေါ့။ ဗမာကြက်သွန်ဖြူ ၆၀၀၀ ကနေ ၁၂၀၀၀ တက်၊ တရုတ်ကြက်သွန်က ၉၀၀၀ ကနေ ၂၀၀၀၀၊ ကြက်ဥက တစ်လုံးကို အရင်စျေး ၃၀၀ ကနေ အခု ၈၀၀၊ ၁၀၀၀ အထိ တက်သွားတယ်။ စားဆီတွေလည်း သုံးဆ တက်သွားတယ်။” 

မြစ်ကြီးနား-မန္တလေးလမ်းတွေ ပိတ်ခံထားရတာကြောင့် အရေးကြီး ခရီးသွားလာကြသူတွေအနေနဲ့ မဘိမ်းကနေ မန္တလေးမြို့ကို ခက်ခက်ခဲခဲ စမ်းသပ်သွားလာနေကြပြီး အဆင်မပြေသူ များတယ်လို့ သိရပါတယ်။

အခုလမ်း ဖွင့်လိုက်တာကလည်း ထီးချိုင့်တိုက်ပွဲ အခြေအနေ မတည်ငြိမ်သေးတာကြောင့် မကြာခဏ ပြန်လည်ပိတ်ထားနိုင်ကြောင်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

ပြည်တွင်းမှာလည်း စားသုံးကုန်နဲ့ စက်သုံးဆီ အခက်အခဲဖြစ်နေပြီး ကချင်ပြည်နယ်မှာလည်း နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013