DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်
DVB
·
November 21, 2023
ပုသိမ်မြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်
Donate to DVB

ဧရာဝတီတိုင်း  ပုသိမ်မြို့မှာတော့ ကား၊ မော်တော်ဆိုင်ကယ်နဲ့ ကုန်တင်ယာဥ်တွေကို စစ်ကောင်စီ တပ်တွေနဲ့ ရဲတွေက နည်းမျိုးစုံနဲ့ ဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေနဲ့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဟင်္သာတမြို့ထဲမှာ သီတင်းကျွတ်ပြီးထဲက PDF တပ်ရင်း ၂ ရင်းလောက်ဝင်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ပုသိမ်မြို့ထဲမှာ အစစ်ဆေးများနေသလို ကား၊ မော်တော်ဆိုင်ကယ်နဲ့ ကုန်တင်ယာဉ်တွေအပြင် ချောင်းသာ၊ ငွေဆောင်သွားတဲ့ ကား‌တွေပါ စစ်ကောင်စီ တပ်တွေနဲ့ ရဲတွေက အပြစ်မရှိ အပြစ်ရှာပြီး ငွေကြေးကောက်ခံနေတာ ဖြစ်ပါတယ်။

ပုသိမ်မြို့မှာ စစ်ဆေးရေး ၂၆ ဂိတ်ရှိပြီး အဲဒီထဲကမှ ချောင်းသာ၊ ငွေဆောင်လမ်းခွဲရှိ ဂိတ်၊ ကြိုးတံတားဟောင်းမှာရှိတဲ့ဂိတ်၊ သံပန်းခွဂိတ်နဲ့ ချောင်းသာလမ်းပေါ်ရှိ ဂျမ်းပုံခွမှာရှိတဲ့ ဂိတ်တွေဟာ ခရီးသည်လိုင်းကားတွေနဲ့အိမ်စီးကားတွေကို နည်းမျိုးစုံနဲ့ ငွေကြေးကောက်ခံနေတယ်လို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

"ခရီးသည်တင်ကားတွေနဲ့ ကုန်ကားတွေစီက လိုင်းကြေးသဘောမျိုးနဲ့ သူတို့က တောင်းကြ တယ်ပေါ့။‌ အိမ်စီးကားတွေနဲ့ ပတ်သက်ပြီး မသင်္ကာစရာနဲ့ ပတ်သက်ပြီးတွေ့ရင် သူတို့က ရစ်တယ်၊ ငွေများများနဲ့ညှိတယ်။ နောက်‌‌ဆုံး ဘာအပြစ်မှ မရှိဘူးဆိုရင်တောင် လက်ဖက်ရည်ဖိုး သဘော မျိုးတောင်းတယ်။" 

မြို့တွင်းဂိတ်တွေကလည်း ဆိုင်ကယ်သမားတွေကို ဖိနပ်မစီးတာကအစ ဒဏ်ငွေ ၃သောင်းရိုက်နေတာကြောင့် ပြည်သူတွေပေါ် နည်းမျိုးစုံနဲ့ဖမ်းဆီးငွေညစ်ပြီး အကြောက်တရားရအောင်လုပ်နေတာလို့ သူကဆက်ပြောပါတယ်။

ပုသိမ်မြို့ထဲ ရပ်ကွက်တွေနဲ့ကျေးရွာတွေမှာ သုံးဘီးနဲ့ထော်လာဂျီတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးငွေတောင်းနေတာကြောင့် သွားလာရခက်ခဲနေတယ်လို့ ပုသိမ်မြို့ဒေသခံတဦးက ပြောပါတယ်။

"ရွာဘက်တွေက ပစ္စည်းသယ်တာတွေဆို ထော်လာဂျီနဲ့သုံးဘီးပဲ အဓိကအားထားရတယ်။ အဲ့တာကို သူတို့က ထော်လာဂျီနဲ့သုံးဘီး မောင်းလာတာတွေ့ရင် ဘာကုန်မှမပါရင် ၃ သောင်းတောင်းတယ်။ ကုန်ပါရင်တော့ ၅ သောင်း ၁ သိန်းကနေ ၂ သိန်း၊ ၃ သိန်းအထိ တောင်းတယ်။ မပေးလို့ရှိရင် ထော်လာဂျီသိမ်းပြီး အမှုတခုခုတပ်ပြီး ဖမ်းလိုက်ကော။ ရုံးရောက်မှအမှုဖြစ်ရင် ၁၀ သိန်းကနေ သိန်း ၂၀ အထိကုန်မှာဆိုတော့ အလုပ်ရှုပ်မှာဆိုးလို့ ပေးလိုက်ကြတာများတယ်။" 

ပုသိမ်မြို့ထဲကို နိုဝင်ဘာလဆန်းကစလို့ PDF တပ်ရင်း ၂ ရင်း၊ အယောက် ၆၀ လောက် ဝင်ရောက်နေတယ်လို့ စစ်ကောင်စီက သတင်းလွှင့်ပြီး တအိမ်တက်တအိမ်ဆင်း အိမ်ထောင်စု စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေး ဧည့်စာရင်းစစ်ကာ ဖမ်း‌ဆီးငွေညှစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ထုတ်ထားပေမယ့် လူပြတ်တဲ့နေရာတွေမှာတော့ ည ၉ နာရီနောက်ပိုင်း ဖမ်းဆီးခံရတာတွေရှိနေပြီး ဖမ်းဆီးခံရသူ အများအပြားဟာလည်း မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013