DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီက ကိုရီးယားကိုပို့ပေးမယ်ဆိုပြီး တရားမဝင် အလုပ်သမား စုဆောင်းနေ
DVB
·
November 19, 2023
ကြံ့ခိုင်ရေးပါတီက ကိုရီးယားကိုပို့ပေးမယ်ဆိုပြီး တရားမဝင် အလုပ်သမား စုဆောင်းနေ
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်းနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားစေလွှတ်ပေးမယ်ဆိုပြီး တရားမဝင်အလုပ်သမားစုဆောင်းငွေ တောင်းယူမူတွေ လုပ်နေတယ်လို့ သက်ဆိုင်ရာအလုပ်သမားတွေနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားစေလွှတ်မယ်ဆိုပြီး USDP ပါတီအသိုက်အဝန်းဆီက ဒီနှစ်လယ်ပိုင်းကတည်းသတင်းထွက်ခဲ့သလို အခု လုပ်သားစုဆောင်းမူတွေ လုပ်လာတာလို့ ဆိုပါတယ်။

အဲဒီအလုပ်သမားစေလွှတ်ရေးလုပ်ငန်းကို USDPပါတီ ​ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဥက္ကဋ္ဌ ဦးလှဆွေက ဦးဆောင် လုပ်ဆောင်နေတာလို့ အဲဒီပါတီအတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

USDP ပါတီ အတွင်းသတင်းအရင်းအမြစ်တဦးက "ဘူးလက်လှဆွေက ကိုရီးယား-မြန်မာချစ်ကြည်ရေးဥက္ကဋ္ဌ နဲ့ ဆွေးနွေးပြီး ဒီကိစ္စအကောင်အထည်ဖော်နေတာ၊ သွားချင်တဲ့ အလုပ်သမားတွေကို ရက်တိုသင်တန်းတက်ခိုင်းနေတာတွေ လုပ်နေတာ" လို့  ပြောပါတယ်။

အဲဒီသင်တန်းကို နေပြည်တော်ရှိ USDP ပါတီ ရုံးခန်းမမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားထောင်ချီ စုဆောင်းထားပြီးဖြစ်တယ်လို့ ကိုယ်တိုင်စာရင်းပေးထားသူတဦးက ပြောပါတယ်။

"ပထမအရစ် ၁၅ သိန်း သွင်းခိုင်းတယ်။ တချို့က သင်တန်းကြေးလောက်ပဲ သွင်းထားကြသေးတယ်။ ဆက်သွင်းဖို့က အခြေအနေက ဘာမှန်းမသိသေးလို့။" 

ဒါ့အပြင် ရာသီချိန် လုပ်သားအနေနဲ့ သွားရဖို့အတွက် စုစုပေါင်းပေးသွင်းရမယ့်ကုန်ကျငွေက ကျပ်သိန်း ၅၀ ထက်မနည်း ရှိမယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။

အဲဒီပါတီအနေနဲ့ အလုပ်သမားစုဆောင်းမှုတွေ လုပ်နေပေမယ့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် ရယူထားတာမရှိတာကြောင့် ဥပဒေချိုးဖောက်ရာ ရောက်နေတယ်လို့ အေဂျင်စီအသိုက်အဝန်းက ပြောပါတယ်။

ပြည်ပကို အလုပ်သမားလွှတ်မယ်ဆိုရင် အကျိုးဆောင်လိုင်စင်ရှိထားရမှာဖြစ်သလို အခုလို အလုပ်ကြိုတင်စုဆောင်းတာ၊ ငွေကြိုတောင်းယူတာလုပ်ခွင့် မရှိဘူးလို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ ၂၆ မှာ မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ထောင်ဒဏ် ၇ နှစ် ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးက "သက်ဆိုင်ရာဌာနအနေနဲ့က အေဂျင်စီတွေကိုသာ ဖိနေပြီး အခုလို တရားမဝင်လုပ်နေတဲ့ ပါတီအဖွဲ့အစည်းကို ဘာကြောင့် လွှတ်ပေးထားတလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်" လို့ ပြောပါတယ်။

ဦးလှဆွေဦးဆောင်ပြီး USDP ပါတီက တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်မယ့်ကိစ္စဟာ တရားဝင်မှု မရှိသလို တဘက် ကိုရီးယားပြည်နယ်အစိုးရတွေကလည်း မြန်မာလုပ်သားခေါ်မယ်ဆိုတာကို ငြင်းဆိုထားကြပါတယ်။

ဦးလှဆွေက ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနဲ့ သြဂုတ်လကတွေ့ဆုံပြီးနောက် တောင်ကိုရီးယားနိုင်ငံရှိ ပြည်နယ်သုံးခုကနေ မြန်မာလုပ်သား ၁ ထောင်ကျော်ခေါ်ဖို့ လက်ခံကြောင်း အဲဒီချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးလှဆွေဆီ စာပို့အကြောင်းပြန်ခဲ့တာ ရှိပါတယ်။

အဲဒီ အကြောင်းကြားစာဟာ လူမူကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးက မြန်မာရာသီချိန်ခေါ်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကိုရီးယားအစိုးရက ဘာကြေညာချက်မှ ထုတ်ထားတာမရှိသေးဘူးဆိုပြီး ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားရှိ မြန်မာအရေးလှုပ်ရှားသူများအဖွဲ့တွေက မြန်မာရာသီချိန် လုပ်သား ၁ ထောင်ကျော်ခေါ်မယ်ဆိုတဲ့ ပြည်နယ်သုံးခုက အစိုးရတွေဆီ တရားဝင်ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း အလုပ်သမားခေါ်ဖို့ အစီစဥ်မရှိသေးဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

အဲဒီဆက်သွယ်မေးမြန်းမှုမှာ ပါဝင်ခဲ့တဲ့ ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတဦးက "ဒီဘက်မခေါ်ပါဘူးလို့ ရှင်းလင်းပြောနေပေမယ့် ကြံ့ခိုင်ရေးပါတီက လူတွေထပ်စုနေတာ ဘာသဘောလဲ။ ပြည်သူတွေအနေနဲ့လည်း လက်မလွန်ခင် ချင့်ချိန်တွေးကြဖို့ပြောချင်တယ်" လို့ ပြောပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို EPS စနစ် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကပဲ အလုပ်သမားစေလွှတ်ခွင့်ရထားပြီး ခြွင်းချက်အနေနဲ့ သင်္ဘောကျင်းလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သား အနည်းငယ်ကို ပုဂ္ဂလိကအေဂျင်စီ လေးခုက စေလွှတ်ခွင့်ရထားတယ်လို့ ကိုရီးယားအစိုးရ မှတ်တမ်းတွေအရ သိရပါတယ်။

ရာသီချိန်လုပ်သားစေလွှတ်မယ်ဆိုရင် နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုလက်မှတ် MoU ရေးထိုးပြီးမှသာ အသက်ဝင်မှာဖြစ်ပြီး အခုအချိန်အထိ လက်မှတ်ရေးထိုးထားတာ မရှိသေးပါဘူး။

အလုပ်သမားစေလွှတ်မယ်ဆိုရင်လည်း အစိုးရချင်းသာ ချိတ်ဆက်လုပ်ဆောင်ရမှာဖြစ်ပေမယ့် USDP ပါတီအနေနဲ့ ပုံဖော်လုပ်ကိုင်နေတာဟာ ပိုပြီးယုတ္တိမရှိတဲ့ ကြိုးစားမှုသာဖြစ်တယ်လို့ အလုပ်သမားရေးရာစောင့်ကြည့်သူတွေက ပြောပါတယ်။

အခုလို နှစ်နိုင်ငံသဘောတူညီမှု တစုံတရာမရရှိသေးသလို အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်လုပ်သား စုဆောင်းငွေတောင်းယူနေတဲ့ USDP ပါတီရဲ့လုပ်ရပ်ဟာ နိုင်ငံရေးပါတီတခုအတွက် အရှက်မဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013