DVB Logo
Home
မြန်မာသတင်း
ပြည် စွယ်တော်လှည့်လည်ပွဲကျင်းပရန် စီစဉ်နေပြီး အလှူလိုက်ခံ
DVB
·
November 19, 2023
ပြည် စွယ်တော်လှည့်လည်ပွဲကျင်းပရန် စီစဉ်နေပြီး အလှူလိုက်ခံ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ စွယ်တော်လှည့်လည်ပွဲနဲ့ ရွှေဆံတော်စေတီ ပွဲပြုလုပ်ဖို့ ဂေါပကတွေကစီစဉ်နေပြီး မြို့ထဲမှာ လိုက်လံအလှူခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၁၂၄ ကြိမ်မြောက် မြတ်စွယ်တော်ဖွင့်လှစ် မြို့တွင်းလှည့်လည်ပူဇော်ခံပွဲနဲ့ ရွှေဆံတော်စေတီ ၂၆၁၂ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲကို တန်ဆောင်တိုင်ကာလမှာ ဆိုင်ခန်းတွေနဲ့ ကျင်းပဖို့ စီစဉ်နေတာပါ။

ပြည်မြို့ခံတယောက်က “ဂေါပကဘက်က စာထုတ်ပြီး ကြေညာပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တမြို့လုံးကို တအိမ်တက် တအိမ်ဆင်း အလှူငွေ လိုက်ကောက်နေကြတယ်။ အတင်းအကြပ်ကြီးပေါ့။ အိမ်ထဲအထိ လာကောက်တာ။ ကျမတို့က ရှင်းတယ်။ မသွားဘူးလို့ ဆုံးဖြတ်ထားတာက သူတို့လုပ်တာမို့လို့ကို မသွားတာပဲ။ အလှူငွေတောင် ခြံထဲထိဝင်လာပြီး အတင်းကောက်လို့ ၁၀၀၀ တန်တရွက်ပဲ ထည့်လိုက်တယ်။ အသိအမှတ်ပြုစရာ အကြောင်းမရှိ” လို့ ပြောပါတယ်။

ပုံမှန်အတိုင်းဆိုရင် စွယ်တော်လှည့်လည်ပွဲကို ၃ နှစ်တကြိမ် တန်ဆောင်မုန်း လပြည့်နေ့တွေမှာ ပြုလုပ်ကျင်းပတာဖြစ်ပြီး ၂ဝ၁၈ တုန်းက နောက်ဆုံးကျင်းပခဲ့တာ ဖြစ်တာကြောင့် ကျင်းပတဲ့အချိန်မတန်ဘဲ စကောစက လုပ်တာဖြစ်တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

မြို့ခံတယောက်က “စွယ်တော်လှည့်လည်တာကို နောက်ဆုံး ၁၂၃ ကြိမ်က ၂ဝ၁၈ က ကျင်းပခဲ့တာ။ ၃ နှစ်အကြာ ၂ဝ၂၁ မှာ အာဏာသိမ်းတာနဲ့ ကိုဗစ်ကြောင့် မလုပ်ဖြစ်ဘူး။ အခုမှထလုပ်တာ။ ပုံမှန်ဆို ၂ဝ၂၄ လေ။ တကယ့် စကောစကအချိန်ကြီး ထလုပ်တာပါ။ ပွဲဖြစ်အောင်လည်း စစ်ကောင်စီနဲ့ဂေါပက က အဓိက စီစဉ်နေတာ။ ပျော်နေတဲ့ သူတွေလည်း ခေတ်ကြီးကို မသိကြတာလား ကိုယ်နဲ့မဆိုင်ဘူး လို့ပဲ တွေးတာလား နားကိုမလည်နိုင်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်မြို့ရဲ့မြို့ပေါ်အပါအဝင် နေရာအတော်များများများမှာ စစ်ကောင်စီက လုံခြုံရေးတွေတိုးမြှင့်ထားတာနဲ့ တော်လှန်ရေးကာလ စစ်ရေးအခြေအနေကြောင့် ဒီပွဲမှာ ပြသနာတွေဖြစ်လာမှာကို ဒေသခံတွေအနေနဲ့ ကြောက်လန့်နေကြပြီး စစ်ကောင်စီကလည်း အရင်အထက် အဖမ်းအဆီးတွေ ပိုရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ပြည်သူအချင်းချင်းကတော့ မသွားဖို့ပြောနေကြတယ်။ ခံယူချက်ကြောင့် ဘာရယ်မဟုတ်ဘဲနဲ့ အဓိက ကြောက်တာပေါ့။ ဗုံးပေါက်မှာ ဘာညာတွေ။ ပြီးခဲ့တဲ့ တပတ်လောက်ကလည်း ဗုံးပေါက်တဲ့ ဖြစ်စဉ်ရှိသေးတယ်။ အဲဗုံးပေါက်တာက စည်ပင်ရုံးနားမှာ။ ပေါက်ပြီး တချို့လည်း ဖမ်းခံရတယ်။ ဖမ်းခံရတဲ့အကိုက ပြီးခဲ့တဲ့ လွတ်ငြိမ်းမှာ ပြန်လွတ်လာတာ။ သူ့ကောင်မလေးက စည်ပင်ရုံးမှာအလုပ်လုပ်တော့ အဝင်အထွက်ရှိတယ်။ အဲဒါကို သံသယဆိုပြီး ဓာတ်ပုံကြီးနဲ့ အိမ်အထိဖမ်းသွားတာလေ” လို့ ပြောပါတယ်။

အခု ဘုရားပွဲကို နိုဝင်ဘာ ၂ဝ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၉ ရက်ပြုလုပ်ဖို့ စီစဉ်ထားပြီး ဇာတ်သဘင်၊ ဆပ်ကပ်၊ စတိတ်ရှိုး၊ ပျော်ပွဲ ရွှင်ပွဲတွေနဲ့ ပွဲစျေးဆိုင်ခန်းတွေ ပါဝင်မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013