ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီရေတပ်က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသား ၁ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ပေါက်တောမြို့က စစ်ရှောင်ပြည်သူတွေ အဝတ်အထည်နဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးရွာနားက ကုလားတန်မြစ်မှာ ကျောက်ချထားတဲ့ စစ်ကောင်စီရဲ့ရေတပ်က နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ နတ်ဆိတ်ကုန်ပုတ်ရွာက အသက် ၅၂ နှစ်အရွယ် ဦးဝင်းတင်ရဲ့ ခါးကိုကျည်ထိမှန်ပြီး အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ပြောပါတယ်။
ဦးဝင်းတင်ဟာ ပေါက်တောမြို့နယ်၊ မနော်သီရီကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ မိသားစုဝင်တွေကို စက်လှေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ခေါ်လာတဲ့အချိန် ကုလားတန်မြစ်ထဲမှာ စစ်ကောင်စီရဲ့ရေတပ်က ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်း၊ ပါဒလိတ်အခြေစိုက် ခလရ ၂၃၂ တပ်ရင်းနဲ့ တန်းခိုးရွာနားက ကုလားတန်မြစ်အတွင်းမှာ ကျောက်ချထားတဲ့ စစ်ကောင်စီရဲ့ရေတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တာကြောင့် ဒေသခံတချို့ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တွေ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ဖြတ်တောက်ထားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နဲ့ လက်ပံပြား၊ တောင်းဖူး၊ မင်းဘာ၊ တောင်ညို၊ ဒါးကိုင်၊ သဝင်ချောင်း၊ ကျောက်ဆိပ်၊ သရဲကျေးရွာတို့က စစ်ရှောင်နေရတဲ့ ဒေသခံတွေ အစားအသောက်နဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရခိုင်တပ်တော် အေအေက ပေါက်တောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်အပြီးမှာ စစ်ကောင်စီက လေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ စစ်ရှောင်နေကြရတာဖြစ်ပါတယ်။
လူမှုကူညီရေး အသင်းဝင်တယောက်က “စစ်ရှောင်လာတဲ့သူတွေက အတော်များတယ်။ ၁၀၀၀ နီးပါးလောက်ကို ဖြစ်နေပြီ။ အမျိုးတွေအိမ်တွေမှာနေတဲ့သူ ရှိသလို ဘုန်းကြီးကျောင်းတွေမှာ နေတဲ့သူတွေလည်း ရှိတယ်။ အခုရက် မိုးကရွာတော့ သယ်လာတဲ့ အထုပ်အပိုးတွေလည်း မိုးစိုကုန်တယ်။ ကျနော်တို့က ကျန်းမာရေးနဲ့ ပတ်သက်တာတွေပဲ ကူညီနိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ပေါက်တောမြို့နဲ့ ကျေးရွာတချို့ကို ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ လိုအပ်နေတာလို့ သိရပါတယ်။