DVB Logo
Home
Lead Story
ရဲရဲတောက် တပ်မ‌တော်မှသည် မွဲမွဲခြောက် အညံ့ခံတပ်မတော် ဖြစ်ခဲ့ပြီ 
DVB
·
November 18, 2023
ရဲရဲတောက် တပ်မ‌တော်မှသည် မွဲမွဲခြောက် အညံ့ခံတပ်မတော် ဖြစ်ခဲ့ပြီ 
Donate to DVB

လူ့သဘာဝမှာ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းဆိုတာ ဒွန်တွဲနေပါတယ်။ မှန်ကန်မှုရှိရင် လူဟာ ရဲရင့်ခြင်းစွမ်းအားတွေ ပေါ်လာပါတယ်။ ရုပ်ခန္ဓာ ခွန်အားနည်းပေမဲ့ မှန်ကန်သူဟာ အလွန်ရဲရင့်တတ်ပြီး ခွန်အားကြီးမားပေမဲ့ မှန်ကန်ခြင်းမရှိတာမို့ လိပ်ပြာငယ်ကုန်သူတွေကို တင့်တယ်စွာ ရင်ဆိုင် အနိုင်ယူတတ်ပါတယ်။

တချိန်တခါက ရဲရဲတောက် တို့ဗမာတွေ သတ္တိခဲတွေ ဆိုတဲ့ မြန်မာအမည်ခံ စစ်တပ်ဟာ အခုတော့ မှန်ကန်ခြင်းမရှိဘဲ အခွင့်ထူးခံ စစ်အာဏာရှင်ရဲ့ ခါးပိုက်ဆောင်တပ်ဖြစ်ပြီး ပြည်သူလူထုအပေါ် သစ္စာမစောင့်နိုင်တာကြောင့် မွဲခြောက်သထက် မွဲခြောက်လာရင်း ရဲရင့်ခြင်းနဲ့ သတ္တိတွေ ပျောက်ဆုံးခဲ့ကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ နွေဦးတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ခိုက်ကြရတဲ့အခါ စိတ်ဓာတ်ကျဆုံး တိုက်တိုင်းရှုံး၊ ထွက်ပြေး လက်နက်ချ၊ အလွယ်တကူ အညံ့ခံကြရတဲ့ တပ်မတော်ဘဝကို ရောက်ခဲ့ရပါပြီ။

ဒီနှစ်အစပိုင်း စစ်အာဏာရှင်နိဂုံး နှစ်ထောင့်နှစ်ဆယ့်သုံးဆိုတဲ့ ပြည်သူလူထုရဲ့ ကြွေးကြော်သံဟာ အခုလက်ရှိအချိန်မှာ လက်တွေ့ဖြစ်လာမယ့် အခြေအနေကို ရောက်ရှိလာပါပြီ။ သတင်းမီဒီယာ အင်တာနက်တွေမှာ မြန်မာပြည်အနှံ့မှာ ဖြစ်ပွားနေတဲ့ စစ်မျက်နှာတိုင်းမှာ စစ်ဓားပြတပ်ဟာ အရှုံးကြီးရှုံးလို့ အရေးနိမ့်နေတဲ့သတင်းတွေ ပလူပျံလို့နေပါပြီ။

အားလုံးသိကြတဲ့အတိုင်း မြောက်ပိုင်းမဟာမိတ်ညီ‌နောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၃ ပတ်နီးပါးမှာ စစ်ဓားပြတပ်က တပ်ရင်းမှူး ဗိုလ်မှူးအဆင့်ကနေ တပ်သားအဆင့်ထိ ၂၆၁ ယောက်၊ ရဲတပ်ဖွဲ့က စခန်းမှူးကနေ ရဲတပ်သားအဆင့်ထိ အယောက် ၅၀ နဲ့ ပြည်သူ့စစ် ၁၅ ယောက် အပါအဝင် လက်နက်ချ အလင်းဝင်သူဦးရေ စုစုပေါင်း ၃၂၆ ယောက် ရှိလာနေပြီလို့ ဒီဗွီဘီသတင်းဌာန စာမျက်နှာမှာ ရေးသားထားပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သီးဘွာလ်စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါ အင်အား ၃၀ ကျော်ရှိတဲ့အထဲ ၂ ဦး သေဆုံးပြီး ကျန်ရှိတဲ့ စစ်ဓားပြတပ်ဖွဲ့ဝင်တွေ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့တုန်းကလည်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ CNA, CDF Hualngoram, CDF Thantlang တို့ ပူးပေါင်းလို့ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ဓားပြဗိုလ်မှူး အပါအဝင် ၇ ဦး လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သလို စခန်းက စစ်ဓားပြတပ်သား ၄၀ ခန့်ဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ကြပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို တိုက်ခိုက်မှုမှာလည်း နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်တာ တိုက်ပွဲအတွင်း ဗိုလ်မှူး ၂ ဦး၊ ဒုဗိုလ် ၃ ဦး အပါအဝင် ၂၂ ဦး သေဆုံးကာ ၂၈ ဦး လက်နက်ချ အညံ့ခံပြီး ၁၂ ဦး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာ လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေခဲ့တဲ့ ပဲခူးတိုင်း အုတ်ဖိုမြို့၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ မှ လက်ကျန်တပ်ဖွဲ့ဝင်တွေကို လက်နက်ချ အညံ့ခံခိုင်းရာမှာ ညနေပိုင်းမှာ တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီးတဲ့ စစ်ဓားပြတပ်သား ၃၂ ဦးဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ထံမှာ လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ကိုးကန့် အထူး ၁၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာမှာ အခြေချတပ်ရင်းတခုဖြစ်တဲ့ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂၆ ဦးနဲ့ မိသားစုဝင် ၁၃၄ ဦး အပါအဝင် တပ်ရင်းတခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦးဟာ MNDAA ထံမှာ တပ်ရင်းအလိုက် ပထမဆုံးအကြိမ် သမိုင်းဝင် အလင်းဝင်ခဲ့ကြပြီး ပြည်သူ့ရင်ခွင်မှာ ခိုလှုံခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂၆ ယောက်လုံး လက်နက်မချရင် တိုက်ခိုက်မယ်လို့ အေအေက သတိပေးပြီးနောက် နိုဝင်ဘာ ၁၃ ရက် မနက် ၁၁ နာရီခွဲမှာ  ရက္ခိုင့်တပ်တော် (အေအေ) ထံမှာ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်မှာလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးမှာရှိတဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၅၁) တပ်ရင်းရဲ့တောင်ခြေရင်းစခန်းတခုကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ရာမှာ စစ်ဓားပြတပ်သားအားလုံး စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် မြန်မာနိုင်ငံမှာ သက်တမ်းကုန်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုး အောက်မှာ သူခိုးဓားပြရွာရောက်ခဲ့ရတဲ့ ကျေးသားမိုက်ပမာတူတဲ့ တချိန်တခါက ရဲရဲတောက် မြန်မာ့တပ်မ‌တော်ဟာ ပြည်သူလူထုအပေါ်ကျေးဇူးကန်းလို့ ရမ်းကားကြမ်းကျုတ်စွာ သတ်ဖြတ်ဗိုလ်ကျခဲ့တာမို့ မှန်ကန်ခြင်းမရှိတော့ ရဲရင့်ခြင်းတွေ ပျောက်ဆုံးခဲ့ကြပြီး အခုချိန်မှာ မွဲခြောက်စုတ်ပြတ်သထက် စုတ်ပြတ်လာရင်း ထွက်ပြေး လက်နက်ချ အညံ့ခံတပ်မတော်ဘဝ အဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီကနေ့အချိန်ဟာ အာဏာရှင်ခါးပိုက်ဆောင် စစ်ဓားပြတပ်ထဲမှာ ကျန်ရှိ‌နေသေးတဲ့ စစ်ဗိုလ်၊ စစ်သားတွေ စစ်တပ်နောက်မြီးဆွဲ အနှိမ်ခံရဲတပ်ဖွဲ့က ရဲမှူး၊ ရဲတပ်သားတွေ၊ ဘာမသိညာမသိ ပျူစောထီး ငမိုက်သားတွေ၊ အသိတရား အဆိပ်မိခံရတဲ့ မျိုးချစ်ယောင်ယောင် မဘသတွေအနေနဲ့ လမ်းနှစ်သွယ်ကို မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား ဆုံးဖြတ် ရွေးချယ်ရမယ့်အချိန် ရောက်လို့နေပါပြီ။ စစ်အာဏာရှင် အခွင့်ထူးခံ စနစ်ဆိုးအောက်ကနေ အကျိုးမဲ့စွာ အသက်မဆုံးရှုံးရဘဲ လက်နက်ချ အညံ့ခံလို့ အရှင်ထွက်ထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံမလား၊ စိတ်ဓာတ်ရော သီလပါ ယုတ်ညံ့တဲ့ စစ်ဓားပြ ဗိုလ်ချုပ်ကြီးတွေအတွက် မိမိအသက်ကို စတေးခံမလားဆိုတာကို အချိန်မဆိုင်းဘဲ ဆုံးဖြတ်ကြရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013