Home
ဆောင်းပါး
ဘီလူးစာ (သို့) ငလျင်ဘေးအကူအညီများ
DVB
·
April 20, 2025

မြန်မာပြည်သူတွေပိုင်တဲ့ နိုင်ငံတော်အာဏာ ၃ ရပ်ကို လက်နက်အားကိုးနဲ့ အလိုမတူဘဲ လုယူခဲ့တဲ့ စစ်ဓားပြဂိုဏ်းဟာ မဟော်သဓာဇာတ်တော်ထဲက သားခိုးသားလု ဘီလူးမနဲ့တူသလို အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပြီး ပြည်သူ့ကိုယ်စား နိုင်ငံတော်အာဏာ ၃ ရပ်ကို စီမံခန့်ခွဲအုပ်ချုပ်ဖို့ တရားဝင်အပ်နှင်းခြင်း ခံခဲ့ရတာမို့ မိခင်ရင်းနဲ့ တူတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မဟော်သဓာဇာတ်တော်ထဲမှာ အသားစားကြူးတဲ့ ဘီလူးမတကောင်ဟာ သူ့ကိုယ်သူ မိခင်တဦးအဖြစ် အယောင်ဆောင် ဖန်ဆင်းပြီးတော့ ရပ်ရွာထဲက ကလေးငယ် တယောက်ကို ခိုးယူခဲ့တယ်။ မိခင်ဖြစ်သူက ချက်ချင်းသိသွားပြီးတော့ ဘီလူးမ ခိုးယူထားတဲ့ သူ့သားလေးကို ပြန်ပေးဖို့ ငိုယိုပြီး တောင်းပန်ပြီး ကလေးငယ်ကို သူပိုင်တယ်၊ ငါပိုင်တယ်လို့ ငြင်းခုန်ရင်း အဲဒီအမှုဟာ မဟော်သဓာ ပညာရှိထံ ရောက်ခဲ့ကြတာမဟုတ်လား။

အဲဒီဇာတ်လမ်းကတော့ မဟော်သဓာ ပညာရှိဖြစ်တာမို့ သားလုဘီလူးမနဲ့ မိခင်ရင်းကို ခွဲခြားနိုင်ခဲ့ပြီး ကလေးငယ်ကို မိခင်ရင်းထံ ပြန်လည်အပ်နိုင်ခဲ့ပေမဲ့ ဒီကနေ့ မြန်မာပြည်သူတွေရဲ့ ဘဝကတော့ သားခိုးသားလု ဘီလူးမနဲ့တူတဲ့ စစ်အာဏာလု ဓားပြဂိုဏ်း လက်ခုပ်ထဲမှာ ပင်ပန်းဆင်းရဲကြီးစွာ ငရဲခံနေကြရတုန်း ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲစက ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ကြီးမားပြင်းထန်လှတဲ့ စစ်ကိုင်းပြတ်ရွေ့ကျော ငလျင်ကြီး မလှုပ်ခတ် မဖြစ်ပွားမီ ကတည်းက စစ်ဓားပြတပ် အာဏာလုယက် ဖျက်ဆီးမှုကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသ တနိုင်ငံလုံး အနှံ့အပြားမှာ ရိက္ခာမလုံလောက်မှု ကြုံတွေ့နေခဲ့ရပြီး စစ်ပြေးဒုက္ခသည် ၃ သန်း အပါအဝင် ၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည်သူ ၁၅ သန်း ငတ်မွတ်ခေါင်းပါးမှုဒဏ် ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အခုနှစ် ဇန်နဝါရီ ၂၉ မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

DVB Data Team ကနေ ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းမြို့နဲ့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးကြောင့် ဧပြီလ ၁၆ ရက်အထိ စုစုပေါင်း သေဆုံးသူ ၄,၄၁၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁,၃၆၆ ဦး ရှိပြီလို့ သိရပါတယ်။

ပြင်းထန်တဲ့ ဒီငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝန်းက လူနေအိုးအိမ် ၆၀,၀၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်စာသင်တိုက် ၃,၅၁၄ ကျောင်း၊ စာသင်ကျောင်း ၂,၃၆၆ ကျောင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃,၆၇၈ လုံး၊ တံတား ၁၅၅ စင်း၊ ဘုရားစေတီပုထိုးပေါင်း ၅,၆၂၀ ဆူ ပြိုကျပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို အပျက်အစီး ဆုံးရှုံမှုတွေ ကြီးမားခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူ ၉ သန်းကျော်အတွက်နဲ့ အပျက်အစီးများအောက် ပိတ်မိနေသူတို့ လွတ်မြောက်နိုင်ဖို့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ အများအပြား ဝင်ရောက်လာတဲ့နည်းတူ ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ အီးယူ၊ ဩစတြေးလျနဲ့ တခြားနိုင်ငံတွေက ဒေါ်လာသန်းရာချီတန်ဖိုးရှိ အကူအညီတွေ ပေးသွားမယ်လို့ ကတိပြုခဲ့ကြသလို ရိက္ခာနဲ့ အရေးပေါ်ပစ္စည်းတွေ ကူညီထောက်ပံ့တွေ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဧပြီ ၈ ရက်အထိ နိုင်ငံတကာ ကူညီထောက်ပံ့မှု‌တွေ ရောက်ရှိမှုအနေနဲ့ လေယာဉ် ၉၈ ခေါက်၊ ကား ၆ စီး၊ ၅ ခေါက် ထောက်ပံ့ပို့ဆောင်ရေးပစ္စည်း တန်ချိန် ၁,၃၀၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၉၁၀ ကျော် ရရှိထားကြောင်းကို စစ်ဓားပြဂိုဏ်း ပြောရေးဆိုခွင့်ရှိသူ မုသားကျွန် ဇော်မင်းထွန်းက ပြောထားပါတယ်။

ဩစတြေးလျ အစိုးရကတော့ စစ်ကောင်စီကို တိုက်ရိုက်ပေးအပ်သွားမှာ မဟုတ်ဘဲ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နဲ့ မိတ်ဖက်အဖွဲ့တွေကတဆင့် ဒေါ်လာ ၉ သန်းကို တဆင့် ကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ထို့အတူပဲ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံအတွက် ငလျင်ဒဏ်ကြောင့် ပေးအပ်မယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်အုပ်စုထံကို မပေးအပ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့်သာ မြန်မာပြည်သူတွေထံ ပေးအပ်မှာ ဖြစ်ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်းက ဧပြီလ ၁၀ ရက်နေ့ ကိုရီးယားလွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးကြားနာပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအအစီစဉ် (WFP) ရုံးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်းဖို့ဒ်က ငလျင်ဒဏ်သင့်ဒေသတွေကို စားနပ်ရိက္ခာ အထောက်အပံ့တန်ချိန် ၉၅၀ ကျော် ပို့ထားပြီး WFP အနေနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်မှာ အရေးပေါ် စားနပ်ရိက္ခာနဲ့ ငွေကြေးအထောက်အပံ့တွေကို လူဦးရေပေါင်း ၁၂၀,၀၀၀ ကျော်ကို ပေးအပ်ကူညီနိုင်ခဲ့ပြီလို့ ဆိုထားပါတယ်။

ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ ၆ ဒသမ ၃ သန်းခန့် အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်တွေ အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း ငလျင်လှုပ်ပြီး ရက်သတ္တပတ် ၂ ပတ်ကျော် ကြာမြင့်ခဲ့ပေမဲ့ ငလျင်ဒဏ် အပြင်းထန်ဆုံးခံရတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်က ငလျင်ဘေးသင့်ပြည်သူ အများစုဟာ လုံခြုံတဲ့ အမိုးအကာများအောက် မရောက်ရှိသေးသလို အပျက်အစီးတွေဟာလည်း သေသေချာချာ မရှင်းလင်းရသေးပါဘူး။

တကယ်တော့ နိုင်ငံတကာအကူအညီ အများစုဟာ နိုင်ငံရဲ့ နယ်နိမိတ် စုစုပေါင်း ၂၂ ရာခိုင်နှုန်းကိုသာ စိုးမိုးထားနိုင်ပြီး ပြည်သူအများစုကို ရန်သူလို့ သတ်မှတ်ထားတဲ့ သားလုဘီလူးမနဲ့တူတဲ့ စစ်ဓားပြအုပ်စုထံ တိုက်ရိုက် ပေးအပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ အခါတိုင်း စစ်မကောင်းဆိုးဝါးအုပ်စုဟာ ပြည်သူလူထုအပေါ် စေတနာမရှိသူတွေပီပီ ကယ်ဆယ်ရေးလည်း ထိထိရောက်ရောက် မလုပ်ကြသလို ပြန်လည်ထူထောင်ရေးကိုလည်း ဘယ်တော့မှ ကိုယ်ဖိရင်ဖိ မလုပ်ခဲ့ကြတဲ့ သမိုင်းတွေဟာ လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။

သူတို့လက်ထဲရောက်သွားတဲ့ နိုင်ငံတကာ အကူအညီတွေ၊ စားနပ်ရိက္ခာတွေ အပါအဝင် ရွက်ဖျင်တဲ၊ ယာယီတဲ၊ ရေသန့်စက်၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းတွေ၊ တကိုယ်ရည်သုံးပစ္စည်းတွေဆိုတာ ၂၀၀၈ နာဂစ်မုန်တိုင်းတုန်းက နိုင်ငံတကာအကူအညီတွေလိုပဲ အကျင့်ပျက် စစ်အုပ်ချုပ်ရေးဝန်ထမ်းတွေ အလွဲသုံးစားပြုကြဦးမှာ ဖြစ်သလို အယောင်ပြ ဝေငှပေးရင်လည်း စစ်အာဏာရှင်စနစ်ကို ထောက်ခံကြတဲ့ စစ်ကျွန်ပြည်သူတွေ၊ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုကြတဲ့ Non CDM ဝန်ထမ်းအသိုင်းအဝိုင်းတွေဆီ ပေါက္ခရဝဿမိုးလို ရွာချမှာ ဖြစ်ပါတယ်။ တကယ် ပြည်သူအများစုဆီကို မရောက်မှာ ဗေဒင်မေးစရာ မလိုပါဘူး။

ဒါကြောင့်မို့လို့လည်း ဧပြီ ၁၆ ရက်ထိ နိုင်ငံတကာက ပို့လိုက်တဲ့ အကူအညီ ပစ္စည်းတွေဟာ သားလုဘီလူးမ စစ်ဓားပြဂိုဏ်းဆီကိုပဲ ရောက်သွားပြီးတော့ တကယ့် ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေ၊ ဘေးသင့်သူတွေဆီကို ဒီနေ့အထိ လုံးဝ မရောက်သေးဘူးလို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့တွေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေ ကိုယ်တိုင်က ပြောနေကြတာ ဖြစ်သလို အမရပူရမြို့က ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးကလည်း အောက်ပါအတိုင်း ပြောခဲ့ပါတယ်။

“ပွင့်လင်းမြင်သာမှုမှာတော့ လက်ရှိအစိုးရက တော်တော်ကြီးကို အားနည်းနေတာ တွေ့ရတယ်။ ဘယ်လိုကြောင့်လဲဆိုတာ မသိပေမဲ့ အခုအချိန်ထိတော့ နိုင်ငံတကာကနေ လှူတယ်ဆိုတာတွေက ဘယ်သူ့လက်ထဲကိုမှ ဟုတ်တိပတ်တိ ရောက်လာတာ မတွေ့သေးဘူးဗျ။ တကယ့်မြေပြင်မှာတော့ အထုပ်နဲ့ အထည်နဲ့ တခုမှ ရောက်လာတာမျိုး မရှိသေးဘူး။ ဘယ်ကိစ္စကြောင့် ဘယ်နေရာမှာ ကြန့်ကြာနေတာမျိုးလဲတော့ မသိဘူးပေါ့နော်။”

အဲဒါတွေအပြင် သားလုဘီလူးမ စစ်ဓားပြတွေဟာ ငလျင်ဘေးအတွက် နိုင်ငံတကာကပေးအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ဒေသတွေဆီ ရောက်မသွားစေဖို့ နည်းလမ်းမျိုးစုံသုံးပြီး ကန့်သတ်ပိတ်ပင်နေပါတယ်။ သူတို့ ဆုံးရှုံးထားတဲ့ လွတ်မြောက်နယ်မြေတွေကို နိုင်ငံတကာနဲ့ ပြည်တွင်းက‌ ပေးအပ်ထားတဲ့ ငလျင်ဘေး အကူအညီတွေ မရောက်ဖို့ ဂိတ်တွေအဆင့်ဆင့်၊ ကန့်သတ်ချက်တွေအမျိုးမျိုး၊ ပါမစ်တွေအမျိုးမျိုး အစရှိတဲ့ ပိတ်ဆို့နည်းမျိုးစုံသုံးပြီး ဟန့်တားနေကြပါတယ်။

စစ်ကိုင်းဘက်က မုံရွာဘက်ကို ထွက်မယ့် (ပစ္စည်းတွေကို) ဖမ်းတာ သိမ်းတာတွေ လုပ်နေကြပါတယ်။ နောက်ပြီး မင်းကွန်းဘက်မှာလည်းသိမ်း။ မင်းကွန်းဘက်က အဝင်အထွက်တွေမှာလည်း တော်တော်လေးဖမ်းဆီးပြီး သိမ်းနေကြတယ်။ တော်လှန်‌ရေးနယ်ပယ်နဲ့ ထိဆက်မယ့် နေရာ၊ လမ်းကြောင်းတွေမှာ သူတို့ ဂိတ်တွေအကုန်ချပြီး ရည်ရွယ်ချက်ရှိရှိ ပိတ်ထားတဲ့ပုံစံမျိုး လုပ်‌နေကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင်တော့ စစ်အာဏာရှင်ဘေးကြီးနဲ့ စစ်ကိုင်းပြတ်ရွေ့ကျော ငလျင်ဘေးကြီးကို တပြိုင်နက် ခံစားနေရတာမို့ ပြင်းထန်ဆိုးဝါးတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာနဲ့ ပြည်တွင်းအလှူရှင်တွေက ပေးအပ်လှူဒါန်းခဲ့ကြပေမဲ့ ငလျင်လှုပ်ပြီး သီတင်း ၂ ပတ်ကျော် ၃ ပတ် ကြာခဲ့တဲ့တိုင် ရသင့်ရထိုက်တဲ့ ပြည်သူအများစုထံ မရောက်ရှိခဲ့ပါဘူး။

ဒီလို ဘာကြောင့်ဖြစ်ရတာလဲဆိုတာ သုံးသပ်ဆင်ခြင်လိုက်ရင် လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားတွေ့ရမှာက နိုင်ငံတကာနဲ့ ပြည်တွင်းအကူအညီတွေကို မဟော်သဓာဇာတ်တော်ထဲက သားခိုးသားလု ဘီလူးမနဲ့တူတဲ့ စစ်မကောင်းဆိုးဝါး ဓားပြဂိုဏ်းလက်ထဲ တိုက်ရိုက် ထည့်ခဲ့ကြလို့ပါပဲ။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လို့ ပေါ်ထွန်းလာတာမို့ မိခင်ရင်းနဲ့တူတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ တိုက်ရိုက်ပေးအပ်ခဲ့မယ်ဆိုရင် ပြည်သူအများစု ရရှိကြမှာ ဖြစ်ပါတယ်။

အခုတော့ အဟောသိကံ ဖြစ်သွားရတဲ့ နိုင်ငံတကာအကူအညီနဲ့ ပြည်တွင်းက လှူဒါန်းကူညီမှုတွေဟာ သားလုဘီလူးမထံ ကလေးငယ်ကို အပ်လိုက်တာနဲ့တူတာမို့ ပေါက္ခရဝဿမိုးလို ကွက်ကျားရွာချရာမှာ စစ်အာဏာရှင်ထောက်ခံတဲ့ အသိုင်းအဝိုင်းတွေဆီ တချို့တဝက် ရောက်ရှိလို့ သားလုဘီလူးမ စစ်ဓားပြ အာဏာတည်မြဲဖို့ နိုင်ငံရေးအသုံးချလက်နက် ဖြစ်သွားရပါပြီ။ အကူအညီ တချို့တဝက်ကတော့ ၂၀၀၈ နာဂစ်မုန်တိုင်းကာလတုန်းကလို အကျင့်ပျက် စစ်ဗိုလ်ယုတ်တွေ၊ ဝန်ထမ်းဆိုး အုပ်ကြီး အုပ်လေးတွေရဲ့ လုပ်စားကွက်တာက ထွက်လာမယ့် မှောင်ခိုဈေးကွက်ထဲမှာ တွေ့ကြရဦးမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024