
စစ်ခေါင်းဆောင်က မြန်မာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြစ်ဒဏ်ကျခံနေသူ ၄၈၉၃ ယောက် ပြန်လွှတ်ပေးခဲ့ရာ အင်းစိန်အကျဥ်းထောင်က ဒီကနေ့ မနက်မှာ ၁၀၀၀ ကျော် ပြန်လွတ်လာတယ်လို့ သိရပါတယ်။
အင်းစိန်အကျဥ်းထောင်မှ ပြစ်ဒဏ်ကျခံနေသူတွေကို YBS ယာဥ် ၁၁ စီးနဲ့အတူ ဒီကနေ့ ၁၁ နာရီမှာ စတင်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒီလိုလွှတ်ပေးရာမှာ နိုင်ငံအကျဥ်းသားထက် ခိုးဆိုးခါးတွေနဲ့ ပြစ်ဒဏ်တဝက်ကျခံပြီးသူတွေကို ပြန်လွှတ်ပေးတာလို့ ပြန်လွတ်လာသူတယောက်က DVB ကို ပြောပါတယ်။
“ကျနော်က ရိုက်မှုနဲ့ကျတာ၊ အထဲမှာ ၁ နှစ်နေပြီးပြီ၊ တနှစ်ပဲ ကျန်တော့တဲ့အချိန်မှာ လွှတ်တာ၊ နိုင်ငံအကျဥ်းသားတွေ ပါတာနည်းတယ်။”
ရွှေပြည်သာမြို့နယ်မှ ပုဒ်မ ၅၀၅ (က) နဲ့ ပြန်လွတ်လာသူတယောက်က “ဦးလေးက ထောင်ထဲမှာ နေတာ ၁ နှစ်ခွဲရှိနေပြီ၊ လွတ်ရက်နီးတဲ့အချိန်မှာ ပြန်လွတ်တာ” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်က နှစ်ဆန်း ၁ ရက်နဲ့ အခါကြီးရက်ကြီးတွေမှာ အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပေမဲ့ နိုင်ငံရေးအကျဥ်းသား ပါဝင်တာ နည်းပါတယ်။