
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့အနီးက ကျေးရွာတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက မြေပြင် လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းမှာ KNU က ထုတ်ပြန်ပါတယ်။
လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်ပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါတယ်။
ဒါ့အပြင် သတင်းမီဒီယာတွေ၊ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေအနေနဲ့ သတင်းရယူ တင်ဆက်ရာမှာ ပြည်သူလူထု ပုန်းရှောင်နေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်ဘက်က အလွယ်တကူရှာဖွေပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတိုက်ခိုက်မှုတွေ မပြုလုပ်နိုင်ဖို့အတွက် သတိထား တင်ဆက်ပေးပါဖို့လည်း အသိပေးပန်ကြားထားပါတယ်။
ဆက်လက်ပြီး မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့ အဆောက်အအုံတွေနဲ့ အဝေးမှာ နေထိုင်ဖို့နဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်းကို အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာခြင်းမပြုဖို့လည်း အသိပေးထားပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “အခုလုပ်နေတဲ့ ပုံစံက ကြွက်မနိုင်ကျီမီးရှို့ ပုံစံမျိုးနဲ့ သူတို့(စစ်ကောင်စီ)လုပ်နေတဲ ပုံစံမျိုးဖြစ်နေတယ်။ အဲလိုမျိုး လုပ်နေတော့ အရပ်သားတွေရဲ့ ထောက်ခံမှု ချစ်ခင်မှု သူရမှာမဟုတ်ဘူး။ အရပ်သားတွေရဲ့ မုန်းတီးခြင်း စက်ဆုပ်ရွံ့ရှာခြင်း ဆိုတဲ့ အမုန်းတရားတွေကိုပဲ သူရမှာဖြစ်တယ်”လို့ ပြောပါတယ်။
ဧပြီ ၁၅ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာ၊ ဘုန်းကြီး ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄ ယောက်အပါအဝင် ပြည်သူ ၆ ယောက်သေဆုံးပြီ သံဃာ ၃ ပါးနဲ့ ကိုရင် ၇ ပါးအပါအဝင် ပြည်သူ ၁၇ ယောက် မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။