DVB Logo
Home
မြန်မာသတင်း
‘Drone’ကို စစ်ကောင်စီတပ် ဒူးတုန်အောင် အကြောက်ဆုံးဖြစ်ဟု NUG ဝန်ကြီးပြော  
DVB
·
November 17, 2023
‘Drone’ကို စစ်ကောင်စီတပ် ဒူးတုန်အောင် အကြောက်ဆုံးဖြစ်ဟု NUG ဝန်ကြီးပြော  
Donate to DVB

နိုင်ငံတဝန်း လက်ရှိဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးနဲ့ ခုခံတွန်းလှန်စစ်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အကြောက်ဆုံးက ‘Drone’ တွေဖြစ်ပြီး ဒါကို တားဆီးနိုင်တဲ့ အနေအထားမရှိသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ စစ်ပွဲတွေမှာ တော်လှန်ရေးအဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ Drop ဗုံးတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်နေကြပြီး ကမ္ဘာ့စစ်ပွဲတွေမှာလည်း ဒရုန်းတွေ ပိုမို အသုံးပြုလာကြတာနဲ့ ပတ်သက်လို့ ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ ပြောကြားလိုက်တာပါ။

ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က  “ခေတ်သစ်တိုက်ပွဲတွေမှာတော့ ဒရုန်းက အရေးကြီးလာတယ်။ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကိုပဲ ကြည့်ကြည့်၊ ကမ္ဘာပေါ်မှာရှိတဲ့ စစ်ပွဲတွေကိုပဲ ကြည့်ကြည့်၊ အခုလက်ရှိ အခြေအနေမှာတော့ ဒရုန်းက အရေးပါတဲ့နေရာမှာ ပါလာတယ်။ Game Changer ဖြစ်လာတာပေါ့။ အဲဒီနေရာမှာ မောင်းသူမဲ့လေယာဉ်လို့လည်း ပြောလို့ရတယ်။ UAV ပေါ့။ ဒါတွေကလည်း တိုက်ပွဲဝင် ဒရုန်းတွေပေါ့။ ကျနော်တို့ တော်လှန်ရေးမှာတော့ အခုလက်ရှိ စကစ အကြောက်ဆုံးက ကျနော်တို့ရဲ့ ပြည်တွင်းဖြစ် ဒရုန်းတွေပါပဲ”လို့ပြောပါတယ်။

လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း ‘Drone’ တွေ အရေအတွက် ထောင်နဲ့ချီ အသုံးပြုတိုက်ခိုက်နေတာ ဖြစ်တယ်လို့  ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပြောထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ တပ်စခန်းတချို့ Drop Bomb တွေနဲ့ပဲ Drone သုံးပြီးတော့ Drop Bomb နဲ့ပဲ အကြိမ်ကြိမ်လာရောက် တိုက်ခိုက်ရတယ်လို့ ဝန်ခံ ပြောထားပါတယ်။

တာမိုးညဲမှာရှိတဲ့ အမှတ်(၂၉၀) ခြေလျင်တပ်ရင်းကို ပြီးခဲ့တဲ့ရက်က  Drone တွေနဲ့ Drop Bomb အလုံးရာကျော်လောက်ချပြီး တိုက်ခိုက်နေတာရှိကြောင်းနဲ့ ပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာတွေအရ Drone သုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိတော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး NUG ဝန်ကြီး  ဦးထင်လင်းအောင်က “ကျနော်တို့မှာ ပြည်တွင်းဖြစ် ‘Drone’ တွေ ရှိတယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ Federal Wings ဆိုရင် စိုက်ပျိုးရေး ‘Drone’ တွေကို သုံးထားတယ်လို့ သူတို့ဘက်က စွပ်စွဲထားတယ်။ တရုတ်ကနေ သွင်းတယ်လို့ စွပ်စွဲတယ်။ တရုတ်ကနေ ထုတ်တဲ့ ‘Drone’ တွေကတော့ နေရာအနှံ့အပြားမှာ ရှိနေတာပဲ။ တိုင်းပြည်အနှံ့မှာ တရုတ်ထုတ်ပစ္စည်းတွေ ရောက်နေတာဆိုတော့ တရုတ်ထုတ်ပစ္စည်းလို့ ပြောတာ ယေဘုယျဆန်ပါတယ်။ ကျနော်တို့ Federal Wings ပဲ ပြောပြော၊ တခြားသော ‘Drone’ အဖွဲ့တွေပဲ ပြောပြော၊ အစိတ်အပိုင်းတွေကို ကျနော်တို့ ကိုယ်တိုင် တီထွင်ထားတာတွေ ပါတယ်။ ပြန်ပြီး Modified လုပ်ထားတာတွေ ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ Jammer တွေကို ကျော်နိုင်အောင် ပြန်ပြီး reverse engineering လုပ်ထားတဲ့ကိစ္စတွေ ရှိတယ်။ ဒီလိုမျိုး နည်းပညာအသာနဲ့ ကျနော်တို့က တိုက်နေနိုင်တဲ့အတွက် စကစက ကျနော်တို့ရဲ့ Federal Wings ဆိုရင် ဖင်တုန်အောင် ကြောက်နေတာပေါ့။ သူတို့ရဲ့ Jammer တွေက ကျနော်တို့ရဲ့ Federal Wings တွေကို တားဆီးနိုင်တဲ့ အနေအထား မရှိဘူး။ ဖြိုဖျက်နိုင်တဲ့ အနေအထားလည်း မရှိဘူး။ ဘယ်လိုမှ တားနိုင်တဲ့အနေအထား မရှိတဲ့အတွက် သူတို့ ခဏခဏ မိန့်ခွန်းတွေ၊ လျှို့ဝှက်အစည်းအဝေးတွေ၊ သတင်းစာရှင်းလင်းပွဲတွေမှာ ထည့်သွင်းပြောနေရတဲ့ အနေအထားတွေ ဖြစ်လာတယ်။ ဒါက ကျနော်တို့ရဲ့ အားသာချက်ပါ။ Spring Revolution နွေဦးတော်လှန်ရေးရဲ့ အားသာချက်ဟာ ဒီနေရာမှာ အချက် သွားဖြစ်နေတယ်။ အခု တောင်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေပဲ ကြည့်ကြည့်၊ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေပဲ ကြည့်ကြည့်၊ ‘Drone’ တွေကို အသုံးပြု အားသာချက်ယူပြီး စခန်းတွေ သိမ်းတဲ့နေရာမှာ Game Changer ဖြစ်လာတာ လူတိုင်း တွေ့နိုင်တယ်”လို့ပြောပါတယ်။

Federal Wings တပ်ဖွဲ့ရဲ့ ‘Drone’ တွေက  ဘယ်နေရာ၊ ဘယ်လောက်အကွာအဝေး၊ ဘယ်လိုအမျိုးအစား၊ ဘယ်လောက်အလေးချိန်နဲ့ ဗုံးသီးဘယ်လောက်အထိ သယ်နိုင်မယ်ဆိုတာကအစ သေသေချာချာ အသေးစိတ် သုတေသနလုပ်ပြီး   စိတ်ကြိုက်သုံးလို့ရအောင် ပြန်ထွင်ထားတာဖြစ်ကြောင်းနဲ့  အရပ်သားပြည်သူတွေ မထိခိုက်အောင်လည်း အလေးထားဆောင်ရွက်တယ်လို့ NUG ဝန်ကြီးက ပြောပါတယ်။ 

“အရပ်သားထိခိုက်မှု မရှိအောင် ကျနော်တို့ MOD ကလည်း Code of Conduct တွေအဖြစ်နဲ့ ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။ ‘Drone’ အဖွဲ့တွေကလည်း ဒါတွေကို လိုက်နာပြီး စနစ်တကျ ကျင့်သုံးပြီး Chain of Command အောက်ကနေ စစ်ပွဲ ဆင်နွှဲတဲ့အခါ ဒါတွေကို လိုက်နာပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ တဘက်က စကစ က အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ပွဲတွေမှာ အရပ်သားတွေရှိတဲ့နေရာတွေကို ဗုံးတွေ ကြဲလိုက်တယ်။ ဗုံးတွေ ကြဲလိုက်တဲ့အခါ အရပ်သား ထိခိုက်နစ်နာမှု ရှိလာတဲ့အခါ အရပ်သားတွေကို အဲဒီဒေသမှာ ရှိနေတဲ့ လူတွေက ပြုစုစောင့်ရှောက်ရတယ်၊ သယ်ယူပို့ဆောင်ပေးရတယ်။ ဗုံးသီးတွေနဲ့ ကင်းလွတ်ရာ ရွှေ့ပြောင်းပေးရတယ်။ ဒါမျိုးတွေ ဖြစ်လာတဲ့အခါ အဲဒီနယ်မှာ ရှိနေတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ၊ တော်လှန်ရေးအင်အားစုတွေက အဲဒီမှာ ဝင်ကူကြရတယ်။ ဒါမျိုးတွေကြောင့် ကျနော်တို့ အင်အားချည့်နဲ့သွားအောင်၊ အလုပ်ရှုပ်သွားအောင် လုပ်တဲ့သဘော ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ Code of Conduct ကို ကောင်းကောင်းလိုက်နာပြီး ကျင့်သုံးနိုင်အောင် ပြဋ္ဌာန်းထားပြီး ဖြစ်တယ်။ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအကုန်လုံးကလည်း ဒါတွေကို စနစ်တကျ လိုက်နာကျင့်သုံးကြတယ်လို့ ကျနော်ကတော့ အတိအကျ ပြောချင်ပါတယ်။”

စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာတော့ PDF တွေရဲ့ ‘Drone’နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူတွေရဲ့  နေအိမ်တွေ အဆောက်အဦတွေ ထိခိုက်ပျက်စီးတာရှိသလို လူတွေ ထိခိုက် သေဆုံး ဒဏ်ရာရတာရှိတယ်လို့  ရေးသားဖော်ပြလေ့ရှိပါတယ်။ 

NUG  ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကတော့ ‘Drone’တွေ အသုံးပြုတာဟာ ရန်သူ့စခန်းတွေကို သိမ်းတဲ့နေရာမှာ ထိခိုက်မှုအနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။

“Drone တွေ သုံးရတဲ့ အကျိုးအမြတ်ကတော့ မြေပြင်မှာရှိတဲ့ ကျနော်တို့ရဲဘော်တွေဟာ အန္တရာယ်ဇုန်ထဲမှာ သူတို့အနေနဲ့ ရန်သူ့စခန်းတွေကို သိမ်းတဲ့နေရာမှာ ထိခိုက်မှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံး ဒီနှစ်ချက်က အဓိကကျပါတယ်။ ရန်သူ့စခန်းကို တိတိကျကျ ကိုဩဒိနိတ်နဲ့ ဘယ်နေရာ ဘယ်ဒေသ ဆိုပြီး မြေပုံပေါ်မှာထောက်ပြီး စခန်းပေါ်ကို တိတိကျကျ ကြဲနိုင်တဲ့အနေအထား ရှိပါတယ်။ အဝေးကနေ ကြဲရတဲ့အတွက် ကျနော်တို့ရဲ့ ရဲဘော်တွေ ထိခိုက်မှု၊ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်သွားအောင် ကျနော်တို့ လုပ်ထားလို့ရတယ်။ ဒါကြောင့် Drone ဟာ ကျနော်တို့ရဲ့ တော်လှန်ရေးမှာ အရေးပါတဲ့ကဏ္ဍ ဖြစ်နေပြီ။ စကစ ဒူးတုန်အောင် အကြောက်ဆုံးကလည်း Droneပဲ ဖြစ်နေတယ်ဆိုတာ ပြောချင်ပါတယ်။”

Federal Wings ဒရုန်းတပ်ဖွဲ့တွေဟာ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ Cobra စစ်ကြောင်းနဲ့ အတူ တိုက်ပွဲဝင်နေတာရှိသလို တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း နယ်မြေခံ PDF တပ်ဖွဲ့တွေ၊ LPDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်တာ၊ နည်းပညာ ကူညီပေးတာတွေလည်းရှိပါတယ်။

မကြာသေးခင်သီတင်းပတ်တွေကလည်း စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်ရင်းတွေ၊  ရဲတပ်ရင်းတွေ၊ ရဲလေ့ကျင့်ရေးကျောင်း၊ ဂိတ်စခန်းတွေ၊  သိုလှောင်ထားတဲ့ လက်နက်ကြီးတွေ၊ ခဲယမ်းတွေနဲ့  သံချပ်ကာကားတွေအထိပါ ‘Drone’ တွေနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တာရှိပါတယ်။

Photo- Frederal Wings

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013