DVB Logo
Home
မြန်မာသတင်း
မြဝတီရှိ တရုတ်လောင်းကစားဝိုင်းနှင့် ငွေလိမ်ဂိုဏ်းများတွင် လူထောင်ချီရှိ လူကုန်ကူးခံရ 
DVB
·
November 17, 2023
မြဝတီရှိ တရုတ်လောင်းကစားဝိုင်းနှင့် ငွေလိမ်ဂိုဏ်းများတွင် လူထောင်ချီရှိ လူကုန်ကူးခံရ 
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် မြဝတီခရိုင်ထဲက တရုတ်လောင်းကစားဝိုင်းတွေနဲ့ ငွေလိမ်ဂိုဏ်းတွေမှာ မြန်မာတွေ အပါအဝင် နိုင်ငံခြားသားတွေ ထောင်နဲ့ချီ လူကုန်ကူးခံထားရပါတယ်။ လူကုန်ကူးခံရသူတွေဟာ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရပြီး လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေလည်း ကြုံနေရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက ရွှေကုက္ကိုလ်၊ JK Park၊ ကျောက်ခက် စတဲ့နေရာတွေမှာ မြန်မာအပါအဝင် နိုင်ငံခြားသားတွေ ထောင်နဲ့ချီပြီး တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး ရောင်းစားခံထားရပါတယ်။

လူကုန်ကူးခံရသူတွေထဲ မြန်မာ၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ လာအို၊ အီသီးယိုးပီးယားနဲ့ အာဖရိကလူမျိုးတွေပါ ပါဝင်ပါတယ်။ တိုက်ခန်းတခန်းမှာ အယောက် ၁၀၀ ကျော် ပိတ်လှောင်ခံထားရကာ အဲဒီလို အခန်းတွေ ရာနဲ့ချီရှိတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးမှုတိုက်ဖျက်ရေး ကူညီပေးသူတွေက ပြောပါတယ်။

“လောက်ကိုင်က scam center တွေက တရုတ်ဘက်ဝင်မရတော့ လောက်ကိုင်ကနေ တာချီလိတ်၊ ရွှေတြိဂံ၊ မြဝတီ ဒီဘက်က ရွှေကုက္ကိုလ်၊ JK Park၊ ကျောက်ခက်ဘက်မှာတော့ တော်တော်များများရောက်ပြီး တကယ့် လူကုန်ကူးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ၊ ရိုက်နှက်တာတွေ၊ လျှပ်စစ်နဲ့ ရှော့ခ်တိုက်ပြီး ကြောက်လန့်အောင်လုပ်ပြီး သူတို့ထားတဲ့ တားဂတ်ပြည့်အောင် လုပ်ခိုင်းတယ်။ မပြည့်ဘူးဆိုရင် အွန်လိုင်း sex on stream လွှင့်ဖို့ သူတို့ရဲ့ တရုတ်တွေနဲ့ ပေးအိပ်ပြီး sexually လုပ်ဖို့ စီစဉ်နေတယ်လို့ ရောင်းစားခံရတဲ့ ကလေးတွေကို ခြိမ်းခြောက်နေတယ်လို့ ကလေးတွေက ငိုယိုပြီး ပြောကြတယ်။”

လူကုန်ကူးခံရသူတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံကသူတွေ အများဆုံးဖြစ်ပြီး ငွေကြေးမပြေလည်လို့ အလုပ်ရှာဖွေရာကနေ နီပေါ၊ အိန္ဒိယ၊ ဒူဘိုင်း စတဲ့နိုင်ငံတွေမှာ Customer service အလုပ်လုပ်ရမယ်လို့ အလုပ်ရှာဖွေရေး အေးဂျင့်တွေကတဆင့် လိမ်လည်ခေါ်ခံရတာ ဖြစ်ပါတယ်။

ရွှေတြိဂံဒေသ အပါအဝင် မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်နဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီတို့မှာ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်မှုအောက် ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြတာပါ။

ပြီးခဲ့တဲ့ရက်ကလည်း မြဝတီက လောင်းကစားရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မလေးရှားနိုင်ငံသားတွေကို မိခင်နိုင်ငံ ပြန်ခေါ်ယူဖို့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်က ထိုင်းရဲတပ်ဖွဲ့တွေနဲ့ မဲဆောက်မှာ ဆွေးနွေးခဲ့ပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးမှုတိုက်ဖျက်ရေး ကူညီသူက “ကျနော်တို့ သုတေသနအရ သိန်းနဲ့ချီပြီး ရှိတယ်။ သိန်းနဲ့ချီပြီး ရောင်းစားခံ ပိတ်ခံထားရတယ်။ ကျနော်တို့ကို အကူအညီ လာတောင်းတာ ၃၊ ၄ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ သူတို့က ဖုန်းပေးမသုံးလို့ အပြင်လောကနဲ့ အဆက်အသွယ်မရဘူး။ အဆက်အသွယ်လုပ်တာသိရင် အသတ်ခံရနိုင်တယ်။ သံရုံးတွေ အကူအညီတောင်းတော့ သံရုံးတွေက ထိထိရောက်ရောက် မကူညီပေးနိုင်ဘူး။ မြန်မာစစ်တပ်ကို အကူအညီတောင်းရင် မြန်မာစစ်တပ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါကို လျစ်လျူရှုပြီး သူတို့ဝင်ငွေသဘောလည်း ရှိနေတဲ့အနေအထားမှာ ဒါကို တားခြင်းမရှိဘူး။ သူတို့လက်အောက်ခံ DKBA တို့ဆို ဒီလို Black Money ကို တရားဝင်ပုံစံ လုပ်နေတယ်။ မြန်မာစစ်တပ်ရော ထိုင်းအစိုးရကော သေချာကိုင်တွယ်ဖို့လိုတယ်။ နိုင်ငံတကာလည်း အာရုံစူးစိုက်မှု ရှိလာတယ်။ မပြီးနိုင်တဲ့ same story ပုံစံမျိုး နှစ်နဲ့ချီပြီး ခံနေရတယ်။ တချို့ဆို တိုက်ပေါ်ကနေ ခုန်ချပြီး သေသွားတဲ့အထိရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်အနီးမှာ BGF, DKBA, KNU ထိန်းချုပ်နယ်မြေထဲက မြဝတီ၊ ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး စတဲ့ ဒေသတွေမှာ တရုတ် ကာစီနိုလောင်းကစားဝိုင်းနဲ့ ငွေလိမ်ဂိဏ်းတွေမှာ လူကုန်ကူးခံရသူတွေ အမြောက်အမြား ရှိနေပါတယ်။

ဒီလူတွေကိုကယ်ထုတ်ဖို့ ကြိုးစားနေပြီး တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပပျောက်အောင် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေ ပူးပေါင်းတိုက်ဖျက်ဖို့လိုသလို နိုင်ငံတကာ သိရှိအောင် ဆောင်ရွက်ဖို့လိုတယ်လို့ လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့တွေက တိုက်တွန်း ပြောပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013