DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်၏ လွတ်ငြိမ်းခွင့်တွင် ရခိုင်က နိုင်ကျဉ်းများ မပါဝင်
DVB
·
April 21, 2026
Photo: MOI
Photo: MOI
Donate to DVB

မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်အာဏာရှင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ရခိုင်ပြည်က နိုင်ငံရေးအကျဉ်းသားတွေ တယောက်မှ လွတ်မြောက်ခဲ့တာ မရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တွေအကျဉ်းထောင်နဲ့ ကျောက်ဖြူအကျဉ်းထောင်က အကျဉ်သား ၈၇ ယောက်ကို လွတ်ငြိမ်းနဲ့ ပြန်လွတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား တယောက်မှ ပါဝင်လာခဲ့တာ မရှိဘူးလို့ PPNM ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်မှာ စစ်တပ်က အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထောင်ချထားသူ နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ရှိနေပေမဲ့လည်း အခုလွှတ်ပေးတဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဝင်လာတာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်က နိုင်ငံတဝန်းလုံးမှာ နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ လွှတ်ပေးခဲ့ပေမဲ့လည်း ရခိုင်က တယောက်မှ ပြန်လွှတ်မပေးတာဟာ ရခိုင်ပြည်မှာ စစ်ရေး၊ နိုင်ငံရေး ရှုံးနိမ့်နေမှုကို လက်တုံ့ပြန်တာလို့ ရခိုင်က နိုင်/ကျဉ်းဟောင်း အမျိုးသားတယောက်က ပြောပါတယ်။

“နိုင်ငံတဝန်းလုံး လွတ်ငြိမ်းနဲ့ လွတ်လာကြတာကို ကျနော် အသေချာ စောင့်ကြည့်ဖြစ်ပါတယ်။ ရခိုင်က တဦးမှ လွတ်လာတာ မတွေ့ရဘူး။ ရခိုင်မှာက တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ကျဉ်းတွေ ရာနဲ့ချီပြီး တဦးမှ လွှတ်ပေးတာ မရှိတာက ရခိုင်က စစ်ရေး၊ နိုင်ငံရေး ရှုံးနိမ့်နေမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လွှတ်မပေးတာလို့ ကျနော် ထင်တယ်။ အထူးသဖြင့် ရခိုင်က နိုင်ကျဉ်းတွေကို နိုင်ငံရေးအရ ဖိနှိပ်ထားတဲ့ သဘောလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

စစ်တွေအကျဉ်းထောင်နဲ့ ကျောက်ဖြူအကျဉ်းထောင်မှာ အာရက္ခတပ်တော်နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ နဲ့ ၃၀၀ ကြားမှာ ရှိနိုင်တယ်လို့ နိုင်/ကျဉ်းဟောင်းတွေဆီက သိရပါတယ်။

မတ် ၂ ရက်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ လွှတ်ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ရခိုင်ပြည်က အကျဉ်းထောင် ၂ ခုက နိုင်ငံရေးအကျဉ်းသား ၂ ယောက်ကိုသာ လွှတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီ အပါအဝင် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါး ပြန်လွတ်လာတာကို တွေ့ရပါတယ်။

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ ကြေညာချက်မှာ လူဦးရေ ၄,၃၃၅ ယောက်ကို လွှတ်ပေးမယ်လို့ ပြောထားပေမဲ့ ၁,၆၈၆ ယောက်သာ လွတ်မြောက်လာခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၉၂ ယောက်သာ ပါရှိတယ်လို့ PPNM ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်ဟာ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသားခွင့်မဟုတ်ဘဲ နိုင်ငံတကာနဲ့ ပြည်သူလူထုကို ကိန်းဂဏန်းတွေနဲ့ မျက်လှည့်ပြ လှည့်ဖြားနေခြင်းသာဖြစ်တယ်လို့ PPNM က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013