Home
မြန်မာသတင်း
မတ္တရာ၊ နောင်ချို၊ ရွှေကူနှင့် အမ်းမြို့တို့တွင် စစ်တပ်လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး
DVB
·
November 16, 2023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံ အသုံးပြုနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မန္တလေးတိုင်း PDF ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ မဟာမိတ်ဖြစ်တဲ့ TNLA နဲ့ မတ္တရာမြို့နယ် ဒေသခံ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုအကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။

တိုက်ပွဲ ၃ ရက်တာအတွင်း စစ်အုပ်စုဘက်က အင်အားအလုံးအရင်းနဲ့ အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့သလို မအောင်မြင်ခဲ့ဘဲ အကြိမ်ကြိမ် ပြန်ဆုတ်ခွာသွားကြတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ထွက်ပြေးတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေက ၁၅ မိနစ်ခန့်ကြာအောင် ပစ်ခတ်ခဲ့တာကို မြင်တွေ့ရတယ်လို့လည်း မန္တလေးတိုင်း PDF က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီအပြင် စစ်အုပ်စုဘက်က ပျူစောထီးခေါင်းဆောင် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဂာ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀၀ ခန့်နဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို နောင်ချိုမြို့နယ် ဂုတ်တွင်းအနီးမှာလည်း နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မန္တလေးတိုင်း PDF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အလွန်အကျွံ သုံးစွဲနေတာကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲပြင်းထန်တဲ့ နေရာတွေကနေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လူနေအိမ်တွေပေါ်ကို ကျရောက်ခဲ့ပြီး ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ကြောင်မဲလေးကျေးရွာကနေ ပစ်ခတ်လိုက်တဲ့ အဆိုပါလက်နက်ကြီးကျည်ဟာ နောင်ချိုမြို့နယ်၊ ဇီးဖြူရေကျေးရွာထဲက လူနေအိမ်တွေထဲက သားအမိ ၄ ဦးနေထိုင်တဲ့ နေအိမ်ပေါ်ကို ကျရောက်ခဲ့တာကြောင့် ၁ နှစ်အရွယ် ကလေးတဦးနဲ့ ၁၂ အရွယ် ကလေးတဦးတို့ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူနဲ့ ကျန်ကလေးငယ်တဦး ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဆေးကုသပေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက “အခုလက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ နေရာတွေက တိုက်ပွဲဖြစ်ပွားထားတာ လုံးဝမရှိပါဘူး။ ပြီးတော့ သူတို့ပစ်လိုက်တဲ့နေရာက ပြင်ဦးလွင်နဲ့ အရမ်းနီးပါတယ်။ အဲ့နေရာတွေမှာကလည်း စစ်တပ်တွေနဲ့ သူတို့တပ်စွဲထားတဲ့ နေရာတွေပဲ ရှိတာပါ။ အဲ့ဒါကြောင့် သူတို့ပစ်ခတ်တယ်လို့ အတည်ပြုနိုင်ပါတယ်ဗျ” လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားတဲ့ ကလေးငယ် ၂ ဦးရဲ့ မိခင်နဲ့ ကလေးငယ် ၁ ဦးရဲ့ ဒဏ်ရာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး က ဆေးကုသပေးနေပါတယ်။

လက်ရှိ နောင်ချိုမြို့တွင်းမှာလည်း ၁ဝ၂၇ စစ်ဆင်ရေးစတင်ပြီး ရက်အနည်းငယ်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိသလို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေဘက်ကလည်း အများအပြား သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ် ၂ ရပ်ကွက်မှာ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသားတဦး သေဆုံးပြီး ဇနီးနဲ့ ကလေးငယ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွှေကူမြို့မရဲစခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူကတော့ ကျောကုန်း၊ လက်၊ ဦးခေါင်း စတဲ့နေရာတွေမှာ စိုးရိမ်ရဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “ညနေ ၅ နာရီလောက် ရဲစခန်းထဲကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ။ လက်နက်ကြီးကျည်က ၂ ရပ်ကွက်ထဲက နေအိမ်တလုံးပေါ် ကျတယ်။ အမျိုးသားကတော့ ခေါင်းပွင့်ပြီး သေသွားတယ်။ ဇနီးသည်လည်း မေ့နေတယ်။ သတိမလည်ဘူး။ ကလေးကတော့ ပွန်းပဲ့ဒဏ်ရာလောက်နဲ့ လန့်သွားတာပဲရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က ရွှေကူမြို့ စစ်ကောင်စီခြေလျင်တပ် ခလရ ၅၆ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အမှတ် ၁ ခုံခမ်းရပ်ကွက်က နေအိမ်တလုံးပေါ် ကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာလည်း နိုဝင်ဘာ ၁၄ ရက်ညက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးပိုင်း အမျိုးသား တယောက်သေဆုံးခဲ့ကာ၊ ကလေးငယ်တယောက်အပါဝင် ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ကဇူးကိုင်း ဗျူဟာကုန်းကနေ နိုဝင်ဘာ ၁၄ ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ ကျော်လောက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သဲကမ်းထောင်းကျေးရွာက အသက် ၇၀ အရွယ် ဦးစောရွှေရဲ့ ညာဘက်ညှပ်ရိုးမှာ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကမ်းထောင်းကြီးဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးခဲ့တယ်လို့ သဲကမ်းထောင်းကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

ဒါ့အပြင် သဲကမ်းထောင်းကျေးရွာက အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်ဆန်းရွှေ၊ အလယ်ကျွန်းကျေးရွာက အသက် ၂ နှစ်အရွယ် မောင်ကောင်းသီဟ၊ မိခင်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဒေါ်ဝေဝေ၊ အသက် ၂၈ နှစ်အရွယ် ဦးသိန်းမြင့်၊ အသက် ၂၀နှစ်အရွယ် ကိုနိုင်းနိုင်းတို့ ဒဏ်ရာရရှိခဲ့ကြတာလို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ပုန်းခိုကျင်းထဲမှာ စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့ကြတာဖြစ်ပြီး ဒါးလက်အနောက်ရွာတိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024