DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာပတွင် ဓာတ်ဆီတလီတာ ၄,၅၀၀ ကျပ်အထိရှိပြီး လိုသလောက်ဝယ်မရ ဖြစ်နေ
DVB
·
November 15, 2023
မြောက်ဥက္ကလာပတွင် ဓာတ်ဆီတလီတာ ၄,၅၀၀ ကျပ်အထိရှိပြီး လိုသလောက်ဝယ်မရ ဖြစ်နေ
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ စက်သုံးဆီ လိုသလောက်ဝယ်မရ ဖြစ်နေပြီး ဓာတ်ဆီတလီတာကို ပြင်ပပေါက်စျေး ၄,၅၀၀ အထိပေးကာ ဝယ်ယူအသုံးပြုနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ ဓာတ်ဆီတလီတာကို ၄,၀၀၀ အထိပေးရပြီး လိုသလောက် ဝယ်မရလို့ အခက်အခဲဖြစ်ကာ လုပ်ငန်းတချို့ကို ခေတ္တရပ်နားထားရတယ်လို့ သံပန်းလုပ်ငန်း လုပ်ကိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆီစျေးတက်သွားတာ မကြာသေးဘူး၊ တလီတာကို ၃,၀၀၀ ကနေ ၃,၅၀၀၊ ဒီနေ့​မနက် ၄,၀၀၀ အထိ ဖြစ်လာတယ်။ မီးကလည်း ပုံမှန်လာတာမဟုတ်ဘူး။ မီးစက်နှိုးပြီး အလုပ်လုပ်ရတာ၊ ဆီစျေးက အဲ့လောက်ဖြစ်လာတော့ လုပ်ငန်းကို ခဏရပ်ထားရတယ်။”

ရွှေပေါက်ကံမြို့သစ်မှာတော့ ဓာတ်ဆီတလီတာကို လမ်းဘေးဆိုင်တွေမှာ ၄,၅၀၀ အထိ ဖြစ်လာပြီး လူတယောက်ကို တလီတာမှ နှစ်လီတာအထိ ရောင်းပေးတယ်လို့ ဆိုင်ကယ် ကယ်ရီမောင်းသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က တလီတာကို ၃,၀၀၀ ပေးရတယ်။ ဒီနေ့မနက် တလီတာကို ၄,၅၀၀ ဖြစ်သွားတယ်။ ဒါတောင် လိုသလောက်မရဘူး။ တယောက်ကို တဘူး နှစ်ဘူးပဲရောင်းပေးတာ။ ဆီဆိုင်ကြီးတွေက ကယ်ရီသမားတွေကို မရောင်းပေးတော့ လမ်းဘေးဆိုင်တွေမှာပဲ ဝယ်ရတာ။ ဆီဆိုင်တွေမှာလည်း ကားတွေပြည့်နေတယ်။”

လမ်းဘေးဆီဆိုင်ငယ်တွေမှာ ဆီဆိုင်ကြီးတွေကတဆင့် ပြန်လည်ဝယ်ယူခြင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းခွဲတမ်းတွေကို ငွေပိုပေးပြီး ပြန်လည်ဝယ်ယူခြင်းကြောင့် ဓာတ်ဆီစျေးကြီးရတာ ဖြစ်တယ်လို့ ဆိုင်ရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့မှာ ရဲရော စစ်တပ်ရော လိုင်းကြေးပေးရတာရှိတယ်။ ဆီဆိုင်ကြီးတွေဆီက နားလည်မှုနဲ့ ဝယ်ရတာရှိသလို ဝန်ထမ်းခွဲတမ်းတွေက ပြန်ယူရတာရှိတယ်။ ကောက်တဲ့စျေးတောင် အခု ၃,၈၀၀ ရှိတယ်။ ဒါတောင် ဖောက်သည်ပျက်မှာစိုးလို့ မနည်းပြောဝယ်ရတာ။”

ရန်ကုန်က စက်သုံးဆီဆိုင်ကြီးတွေမှာ 92 Ron တလီတာ ၂,၀၂၅ ကျပ်၊ 95 Ron တလီတာ ၂,၁၄၂ ကျပ်၊ HSD (500PPM) တလီတာ ၂,၀၃၈ ကျပ်၊ HSD (50PPM) တလီတာ ၂,၀၃၆ ကျပ်၊ HSD (10PPM) တလီတာ ၂,၀၄၁ ကျပ်အထိ လက်လီရည်ညွှန်းစျေးကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန်ဖြူး​ခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး အချိန်မီ ဖြန့်ဖြူးပေးလျက်ရှိပြီး နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်က ဆီတင်သင်္ဘောလေးစီး ဆိုက်ကပ်ခဲ့ကာ ဆီတင်သင်္ဘော ၁၅ စင်း ထပ်မံရောက်ရှိမှာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013