DVB Logo
Home
နိုင်ငံတကာ
ဂါဇာကမ်းမြောင်အနီး၌ အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ကြီးချုပ် နေတန်ယာဟု တွေ့ဆုံ
DVB
·
November 14, 2023
ဂါဇာကမ်းမြောင်အနီး၌ အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ကြီးချုပ် နေတန်ယာဟု တွေ့ဆုံ
Donate to DVB

ဂါဇာကမ်း‌မြောင်စည်းရိုးနားက စုဝေးစရာနေရာတခုမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကာရာကယ် တပ်မဟာက တပ်မှူးတွေ၊ စစ်သားတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့တဲ့အကြောင်း အစ္စရေးအစိုးရက နိုဝင်ဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကမ်း‌မြောင်ကို စီမံကွပ်ကဲနေတဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့က အစ္စရေးတောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လာပြီးတဲ့နောက် အရပ်သားတွေကို သတ်ခဲ့လို့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ ပြီးခဲ့တဲ့လမှာ အစ္စရေးက စတင်တိုက်ခိုက်ခဲ့တာပါ။

“ဒါက ‘စစ်ဆင်ရေး’ မဟုတ်သလို ‘ပတ်ချာလည်နေမယ့်ဖြစ်ရပ်’ မဟုတ်ဘဲ အဆုံးအထိသွားမယ့် စစ်ပွဲတခုပါ။ ဒါကို ခင်ဗျားတို့သိဖို့ ကျနော့်အတွက် အရေးကြီးတယ်” လို့ နေတန်ယာဟုက သူ့ပတ်ဝန်းကျင်မှာ စုရုံးနေတဲ့ စစ်သားတွေကို ပြောပါတယ်။

“ဒါက အပြောသက်သက် မဟုတ်ဘူး၊ နှလုံးသားနဲ့ စိတ်ထဲကနေ ပြီးပြတ်အောင် မလုပ်ရင် နောက်တကျော့ ပြန်လာလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

အစ္စရေးရဲ့ စာရင်းဇယားအရ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ အငိုက်ဖမ်း တိုက်ခိုက်လို့ အစ္စရေးက လူပေါင်း ၁,၂၀၀ လောက် သေဆုံးပြီး တခြားလူ အယောက် ၂၄၀ ကို ဓားစာခံအဖြစ် ဂါဇာဆီ ပြန်ပေးဆွဲခေါ်သွားခံရလို့ အစ္စရေးရဲ့ ၇၅ နှစ်တာသမိုင်းမှာ အဆိုးရွားဆုံးသောနေ့လည်း ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာက လူ အယောက် ၁၁,၂၄၀ သေဆုံးခဲ့ပြီး လူအယောက် ၂၈,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒါဟာ ဂါဇာမှာ လူအယောက် ၂၀၀ မှာ တယောက်နှုန်း သေဆုံးခဲ့ပြီး လူဦးရေရဲ့ သုံးပုံနှစ်ပုံ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 

စစ်ပွဲအတွင်း နိုဝင်ဘာ ၁၃ ရက်အထိ ရထားတဲ့ အချက်အလက်အရ သတင်းထောက်နဲ့ မီဒီယာလုပ်သား ၄၂ ယောက်ထက်မနည်း သေဆုံးခဲ့လို့ သတင်းထောက်များ ကာကွယ်ရေး ကော်မတီ CPJ က အချက်အလက် စတင်ကောက်ခံချိန်ကစပြီး ခုထိ သတင်းထောက် သေဆုံးမှု အများဆုံးလ ဖြစ်လာခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ် (IDF) က ဂါဇာကမ်းမြောင်အတွင်း တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှု၊ ဟားမတ်စ်ပစ်မှတ်တွေနဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ပုံကို ပြထားတဲ့ ဗွီဒီယိုကို နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

IDF လေယာဉ်နဲ့ မြေပြင်တပ်ဖွဲ့တွေက အကြိမ်ပေါင်း ၄,၃၀၀ တိုက်ခိုက်ခဲ့ပြီး ရာနဲ့ချီတဲ့ တင့်ကားဖျက် ဒုံးပစ်လွှတ်ရေးစခန်းတွေ၊ ဥမင်လိုဏ်ခေါင်း ၃၀၀ လောက်၊ အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အဦ ၃,၀၀၀ လောက်၊ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ အဆောက်အဦပေါင်း ၁၀၀ ကျော်၊ ဟားမတ်စ်တို့ရဲ့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုဌာန ရာချီတို့ အပါအဝင် ဌာနတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗွီဒီယိုရဲ့ တစိတ်တပိုင်းကို အဆောက်အအုံပုံစံတွေ၊ လမ်းအပြင်အဆင်၊ ကမ်းရိုးတန်း၊ ဧရိယာရဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးအပြီး ကိုက်ညီနေတာကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဗွီဒီယိုရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေရဲ့ တည်နေရာနဲ့ ရုပ်သံရိုက်ကူးတဲ့ ရက်စွဲကို သီးခြား အတည်မပြုနိုင်သေးပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013