
နွေဦးတော်လှန်ရေး အောင်မြင်ရေးအတွက် ညီညွတ်မှုက အဓိကသော့ချက်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တည်ထောင်မှု ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ အလေးထား ပြောကြားလိုက်ပါတယ်။
ဒူဝါလရှီးလက “တော်လှန်ရေးရည်မှန်းချက်တွေ အမြန်ဆုံး အောင်မြင်နိုင်ဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားနေကြပေမဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတွေ အကန့်အသတ်တွေ များစွာရှိနေဆဲ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုက ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုယန္တရား၊ တိုင်းပြည်ရဲ့ အရင်းအမြစ်နဲ့ ငွေကြေးနဲ့ အာဏာကိုသုံးပြီး အမှားကို အမှန်လုပ်ခဲ့တဲ့ အမြစ်တွယ်နေတဲ့ စနစ်ဆိုးတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးဟာ ကျနော်တို့ကို သမိုင်းဝင်ညီညွတ်မှုတခု ပေးခဲ့ပါတယ်။ စစ်တပ်ရဲ့ သွေးခွဲမှုကြောင့် ကျနော်တို့လူ့အဖွဲ့အစည်းဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခဲ့ရပေမဲ့ ဒီနေ့ "နွေဦးတော်လှန်ရေး" မှာတော့ တိုင်းရင်းသား ပြည်သူအားလုံးဟာ တစိတ်တဝမ်းတည်း စုစည်းမိသွားကြပါပြီ။ ဒါဟာ မြန်မာ့သမိုင်းမှာ မကြုံစဘူးတဲ့ အောင်မြင်မှုဖြစ်ပြီး ဒီညီညွတ်မှုဟာ ကျနော်တို့ရဲ့ အကြီးမားဆုံးသော ခွန်အားပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
NUG အစိုးရအနေနဲ့ အောင်မြင်တွေ ရရှိခဲ့သလို ဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်းနဲ့ အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးတဲ့ တော်လှန်ရေးမှာ သင်ခန်းစာတွေ သင်ယူခွင့်ရခဲ့ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။
ဒူဝါလရှီးလက "ကျနော်တို့အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို လျှောက်ခဲ့တာကြောင့် မပေါက်သေးတဲ့ လမ်းတွေကိုလည်း ချဲ့ထွင် လျှောက်လှမ်းခဲ့ကြရပါတယ်။ အဲသည်ထဲမှာ တော်လှန်ရေးသမိုင်း အဆက်ဆက် မကြုံခဲ့ဘူးတဲ့ အောင်မြင်မှု ခြေလှမ်းတွေကို တက်လှမ်းနိုင်ခဲ့သလို ကျနော်တို့ရဲ့ အားနည်းချက်ကြောင့် လက်လွှတ်ခဲ့ရတဲ့ မအောင်မြင်မှုတွေလည်း ရှိခဲ့တာကို ဝန်ခံချင်ပါတယ်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ကျနော်တို့အတွက် သင်ခန်းစာ အများအပြားကို သင်ယူခွင့်ရခဲ့တာတွေ ရှိပါတယ်" လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အပါအဝင် ပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှုက နွေဦးတော်လှန်ရေးအတွက် အရေးပါကြောင်းနဲ့ အထူးကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၆ မတ် ၃၀ ရက်က ဖွဲ့စည်းခဲ့တဲ့ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” က တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းနိုင်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်းလည်း ပြောပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့က အပြစ်တင်ဝေဖန်မှုတွေထက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေ ဦးစားပေးဖို့ တိုက်တွန်းခဲ့ကာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ပြည်သူတွေအကြား ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းဖို့ကို တိုက်တွန်းခဲ့တယ်။
စစ်အာဏာသိမ်းပြီးနောက် လူထုထောက်ခံအားပေးမှုနဲ့အတူ တော်လှန်လူထုအစိုးရတရပ် အနေနဲ့ ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်မှာ တရားဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။










