DVB Logo
Home
မြန်မာသတင်း
ဖောင်းဆိုင်စစ်ရှောင်များအတွက် စားနပ်ရိက္ခာ သယ်ယူမရဖြစ်နေ၊ မိုးဗြဲစစ်ရှောင်စခန်းများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
November 10, 2023
ဖောင်းဆိုင်စစ်ရှောင်များအတွက် စားနပ်ရိက္ခာ သယ်ယူမရဖြစ်နေ၊ မိုးဗြဲစစ်ရှောင်စခန်းများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
Donate to DVB

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တိုက်ပွဲခေါ် သိမ်းပိုက်ထားတဲ့ မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသက စစ်ရှောင်အိမ်ထောင်စု ၁၅၀ အတွက် စားနပ်ရိက္ခာသယ်ယူဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အကူအညီပေးနေသူတဦးက “ကျနော်တို့ လက်ရှိ အစားအသောက် ပို့ပေးနိုင်တာက အိမ်ထောင်စု ၁၅၀ လောက်ကိုပဲ ကူညီပေးနိုင်တာ။ ကျန်တဲ့ ၁၅၀ လောက်က ကျနော်တို့လည်း သွားလို့မရတော့ဘူး” လို့ ပြောပါတယ်။

ဖောင်းဆိုင်စစ်ရှောင်တွေဟာ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် ၁၀၂ ဘက် ‌ရှောင်တိမ်းကြတာဖြစ်ပြီး ဖုန်းလိုင်းတွေပါမရှိလို့ အခက်အခဲ ဖြစ်နေကြတယ်လို့ သူက ပြောပါတယ်။

အရင်က ဖောင်းဆိုင်ကနေ တရုတ်ဘက်ခြမ်း မန်ဟိုင်းမှာ ပြောင်းနေတဲ့ ဒေသခံ အမျိုးသမီးတဦးက ကူညီပြီး ဆန်၊ ဆီ၊ ဆားနဲ့ လိုအပ်တဲ့ပစ္စည်းတွေ သွားရောက် ပို့ပေး‌နေရာက ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်အစိုးရက မန်ဟိုင်းနယ်စပ်တကြောက လူတွေကိုလည်း မံစီဘက် ခေါ်သွားတာကြောင့် ဘာမှ ပို့ပေးလို့ မရတော့ဘူးလို့ ဆိုပါတယ်။

တရုတ်ဘက်ခြမ်း မန်ဟိုင်းနဲ့ နယ်ခြားမှတ်တိုင် ၁၀၂ ကြားက လမ်းမတွေမှာလည်း မြန်မာဘက်ခြမ်း တိုက်ပွဲကြောင့် အန္တရာယ်ဇုန်သတ်မှတ်ပြီး တရုတ်စစ်သားတွေ စောင့်နေတယ်လို့ တရုတ်နယ်စပ်နေသူတဦးက ပြောပါတယ်။

“ကျမတို့က မန်ဟိုင်းထိပဲ လာလို့ရတယ်။ ကျူးရှန်းဘက်ကို မေးကြည့်တော့လည်း လမ်းမှာ တရုတ်စစ်သားတွေ စောင့်နေတယ်။ သူတို့ လာလို့မရဘူး။ မန်ဟိုင်းကလူတွေလည်း မံစီဘက် အကုန်ပြောင်းသွားပြီ၊ ကျမတို့က မပြောင်းသေးဘူး။ ဒါပေမဲ့ ကျမတို့က မန်ဟိုင်းထိပဲ လာလိုက်တယ်။ မန်ဟိုင်းရဲ့ အထက်ဘက်မှာ တရုတ်စစ်သားတွေ စောင့်နေတော့ ကျမတို့လည်း ဖြတ်လို့ရမယ့်ပုံ မပေါက်ဘူး။”

မြန်မာဘက်ခြမ်း ဖောင်းဆိုင်၊ နောင်ဂျန့်၊ နောင်ဖိုင့်၊ မန်ပြိန်း၊ လရှပ်၊ ဘန်စီတိုင်း၊ ဘန်မွေး စတဲ့ ရွာပေါင်း ၇ ရွာက ကချင်၊ တအာင်း (ပလောင်) နဲ့ တရုတ်လူမျိုးတွေ ဖြစ်ကြပြီး လူဦးရေ ၁,၄၉၅ ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး လက်ရှိအထိ နယ်ခြားမှတ်တိုင် ၁၀၂ ဘက် တိုက်ပွဲရှောင်နေကြတာပါ။

ရှမ်းပြည်နယ်နဲ့ ကရင်နီ (ကယား) ပြည်နယ်အစပ် မိုးဗြဲမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေနဲ့ မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်က စတင်ပြီး နေ့ရောညပါ မိုးဗြဲမြို့နယ်မြောက်ဘက် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၄၂၂ က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၆ ရက်က မိုးဗြဲမြို့ပေါ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသားတဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာတော့ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုရဲ့ဘေးမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

“၆ ရက်နေ့ကတည်းကစပြီး လက်နက်ကြီးနဲ့ပစ်နေတာ၊ စပစ်တဲ့နေ့က မြို့ထဲကျပြီး အမျိုးသားတယောက် ဒဏ်ရာရတယ်။ ၇ ရက်နဲ့ ၈ ရက်နေ့မှာတော့ အနောက်ဘက်က စစ်ရှောင်စခန်းတွေဘက်ကို ပစ်တယ်၊ စုစုပေါင်း အချက်ရေ ၃၀ လောက်ရှိမယ်။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး၊ သူတို့ ရမ်းပစ်နေကြတာ” လို့ Moebye Local PDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် မိဘပြည်သူတွေ အနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာမှာ နေထိုင်ကြဖို့ Moebye Local PDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013