DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၌  အဓမ္မဖမ်းဆီး လက်စဖျောက်ခံရသူပေါင်း ၁၆၀ ခန့်ရှိနေ 
DVB
·
November 9, 2023
ကရင်ပြည်နယ်၌  အဓမ္မဖမ်းဆီး လက်စဖျောက်ခံရသူပေါင်း ၁၆၀ ခန့်ရှိနေ 
Donate to DVB

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ ပေါ်တာဆွဲခံရတာနဲ့ လူသားဒိုင်းအဖြစ် ခိုင်းစေခံရတာအပါအဝင် စစ်ကောင်စီတပ်ရဲ့ အတင်းအကျပ် ဖမ်းဆီး လက်စဖျောက်ခံရသူပေါင်း ၁၅၉  ဦးလောက် ရှိတယ်လို့   ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ‘ဌာနေအိမ်မှ ပျောက်ဆုံးသူ’ ဆိုတဲ့ အစီရင်ခံစာတစောင်ကို နိုဝင်ဘာ ၈ ရက်က ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ အာဏာသိမ်းမှုနောက်ပိုင်း စစ်ရာဇဝတ်မှုအမျိုးမျိုး ဖြစ်ပွားတဲ့အထဲမှာ အတင်းအဓမ္မ လက်စဖျောက်ခံရတာဟာ ဆိုးဝါးလာတဲ့ ရာဇဝတ်မှုထဲက တခုဖြစ်ပြီး ကျူးလွန်သူအများစုက မြန်မာစစ်တပ်ဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။

“အတင်းအဓမ္မ ပျောက်ဆုံးမှုကို အများဆုံးကျူးလွန်တဲ့ တရားခံက မြန်မာစစ်တပ် ဖြစ်တယ်ပေါ့နော်။ ဒီ အာဏာရှင် ဗမာစစ်တပ် အများစုကနေပြီးမှ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ၊ နောက် ရှေ့တန်းမြေပြင်ကို ထိုးစစ်ဆင်မှု ပြုလုပ်တဲ့အခါမှာ ကျေးလက်နေပြည်သူတွေကို သူတို့ကနေပြီး မတရားဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာ ပျောက်ဆုံးခဲ့ရတဲ့အမှု ကျနော်တို့ အများဆုံး တွေ့ရှိခဲ့ရတယ်ပေါ့။ နောက်တခါ တခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်းပဲ အတင်းအဓမ္မ ပျောက်ဆုံးခြင်း ရာဇဝတ်မှုကိုလည်း ကျူးလွန်တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။”

ဒီလို ကျူးလွန်မှုတွေရှိပေမဲ့ အတင်းအဓမ္မ လက်စဖျောက်ခံရသူတွေအနေနဲ့ တရားမှုတမှုမရှိသလို ကူညီထောက်ပံ့ပေးမှုတွေမရှိဘဲ ဆင်းရဲခက်ခဲရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတယ်လို့လည်း ပြောပါတယ်။

“စစ်တပ်က ကျူးလွန်သော်လည်းကောင်း၊ တခြားလက်နက်ကိုင်က ကျူးလွန်သော်လည်းကောင်း ကျူးလွန်ခံရသူတွေအနေနဲ့ အင်မတန်မှ တရားမျှတမှုနဲ့ အလှမ်းဝေးနေဆဲပဲ။ သူတို့တွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ အများကြီး ကြုံခဲ့ရတယ်။ ကူညီထောက်ပံ့မှုတွေနဲ့ အလှမ်းဝေးနေတယ်။ ပြီးလို့ရှိရင် ပျောက်ဆုံးသွားတဲ့ လူပုဂ္ဂိုလ်တွေကို ရှာဖွေတွေ့ရှိဖို့က အင်မတန်မှကို ခက်ခဲတယ်။ သက်ဆိုင်ရာ တာဝန်ရှိခေါင်းဆောင်တွေ အနေနဲ့လည်း ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ ပြည့်စုံလုံလောက်တဲ့ သတင်းအချက်အလက်တွေကို သူတို့က မရရှိကြဘူး။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုပုံစံနဲ့ ဖြစ်ပွားခဲ့လဲဆိုတာ သူတို့ ကောင်းကောင်းမွန်မွန် မသိရှိကြဘူးပေါ့နော်။ ဒီအခြေအနေပေါ်မှာ အတင်းအဓမ္မ ပျောက်ဆုံးခြင်းခံရတဲ့ ရွာသားတွေ၊ မိသားစုဝင်တွေဟာ ဒီဒဏ်ကို လုံးဝ ဆိုးဆိုးဝါးဝါး ခံစားနေရတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။”

အတင်းအဓမ္မ ဖမ်းဆီးလက်စဖျောက်ခံရသူတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုဖြစ်ခဲ့လဲ၊ ဘယ်လိုအခြေအနေတွေရှိလဲ၊ ဘယ်လိုပုံစံနဲ့ နိုင်ငံတကာအထိ သိခွင့်ရအောင် ဒီအစီရင်ခံစာကို ရေးသားထုတ်ပြန်ရတာလို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ဒီလို အတင်းအဓမ္မ ပျောက်ဆုံးမှု ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းဟာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖြစ်ပွားတဲ့ အကြောင်းအရာတွေဖြစ်ပြီး အထူးသဖြင့် အပြစ်မဲ့ပြည်သူတွေကို စစ်အာဏာရှင်ဆန့်ကျင်မှုနဲ့ ပတ်သက်ဆက်နွှယ်လို့ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး ပျောက်ဆုံးရတဲ့အမှုတွေ များကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် စစ်မြေပြင် ထိုးစစ်ဆင်မှုမှာ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးတာတွေ၊ ကျေးလက်နေ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ပျောက်ဆုံးတာတွေ ဖြစ်တယ်လို့လည်း စောနန္ဒဆူးက ပြောပါတယ်။

ဒီလို ကျူးလွန်တာဟာ စစ်ကောင်စီတပ်တွေအပြင် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ကျူးလွန်တာတွေရှိကြောင်းလည်း ပြောပါတယ်။

ဒီလို အခွင့်အာဏာသုံးပြီး အတင်းအဓမ္မ လက်စဖျောက်မှုတွေကို ကရင်ပြည်နယ်တခုတည်း မကဘဲ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ကြောင်း ညီမျှချင်းမြန်မာရဲ့ အချက်အလက်ကောက်ယူသူ ဒေါ်ခင်ငြိမ်းသစ်က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ အတင်းအဓမ္မ လက်စဖျောက်ခံရသူ ၁၀၉ ဦးအထိရှိပြီး တခြားဒေသတွေနဲ့ ပေါင်းရင် ၂၀၀ ကျော် ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒီလို ပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က တိုင်ကြားမှုတွေ ရရှိလာပါက အဖွဲ့အတွင်း တင်သွင်းမှု ရရှိလာပါကလည်း ဒီအဖွဲ့ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်စေ၊ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံဖြစ်စေ ဆက်သွယ်ပြောဆိုပေးတာမျိုးတွေ လုပ်ဆောင်ပေးတယ်လို့ အတင်းအဓမ္မ လက်စဖျောက်ခံရသူများဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ဝင် အန်ခါနာနီးလာပိုင်ဂျစ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေကို တားမြစ်ဖို့အတွက် နိုင်ငံတကာစာချုပ်တွေ လက်မှတ်ရေးထိုးဖို့ အစိုးရတွေကို တိုက်တွန်းကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကော်မရှင်ကနေ ပြုလုပ်တဲ့ အကြုံပြုချက်တွေကို လိုက်နာအကောင်အထည်ဖော်ဆောင်ဖို့ တိုက်တွန်းကြောင်းလည်း  ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013