DVB Logo
Home
မြန်မာသတင်း
တမူးအခြေစိုက် ပျူစောထီးများ လက်နက်ပြန်အပ်ရန် စစ်ကောင်စီနှင့် ညှိနှိုင်းနေ
DVB
·
November 9, 2023
တမူးအခြေစိုက် ပျူစောထီးများ လက်နက်ပြန်အပ်ရန် စစ်ကောင်စီနှင့် ညှိနှိုင်းနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ အသိမ်းခံရပြီးနောက်မှာ တမူးမြို့အခြေစိုက် ပျူစောထီးတွေက လက်နက်ပြန်အပ်ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ တမူးခရိုင်ပကဖက ပြောပါတယ်။

ခါမ်းပါတ်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ခါမ်းပါတ်မြို့တိုက်ပွဲကို PDF တွေက နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး မြို့ကိုသိမ်းယူနိုင်ဖို့ ရဲစခန်းတွေ အပါအဝင် စစ်ကောင်စီအခြေစိုက် စခန်း ၇ ခုအထိ သိမ်းယူခဲ့ရတာပါ။

ခါမ်းပါတ်မြို့သိမ်းတိုက်ပွဲသတင်းကြောင့် တမူးမြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်နေပြီး တအိမ်တက်ဆင်း လူစာရင်းစစ်နေတယ်လို့ တမူးခရိုင် ပကဖအဖွဲ့ဝင်တယောက်က ပြောပါတယ်။

တမူးခရိုင် ပကဖ အဖွဲ့ဝင် အမျိုးသမီးတဦးက “စစ်ကောင်စီဘက်ကဆိုရင် တမူးမြို့ထဲ အခြေအနေက တော်တော်ကို ဝရုန်းသုန်းကား ဖြစ်သွားတယ်၊ ခါမ်းပါတ်မြို့ကို သိမ်းပြီးတော့လေ။ အဖွဲ့စုံပေါ့ တမူးမှာ ပျူစောထီးတွေ၊ လက်နက်ကိုင်တွေ၊ SNA တွေ သူတို့တွေအားလုံး အဖွဲ့စုံ အင်အား ၅၀ နဲ့ ၁၀၀ ကြားလောက်က တရပ်ကွက်ဝင် တရပ်ကွက်ထွက်ပြီး လူစာရင်းလိုက်စစ်တယ်။ အိမ်ထောင်စုစာရင်း လိုက်စစ်တယ်။ အတွင်းသတင်း သိထားတာက ပျူစောထီးလက်နက်ကိုင်တချို့၊ ခေါင်းဆောင်တွေပါ ပါတယ်။ စစ်တပ်ကို လက်နက်ပြန်အပ်ဖို့ သူတို့ ညှိနှိုင်းနေတယ်ကြားတယ်။ တချို့တွေကျတော့လည်း ထွက်ပြေးကုန်ကြတယ်ပေါ့နော်။ Non CDM တွေက ထွက်ပြေးသွားတယ်လို့ သိရတယ်။ လမ်းတွေဘာတွေက ပိတ်ထားတဲ့အတွက် ရိက္ခာက ပြတ်သွားပြီ။ ရေရှည်စားဖို့အတွက်ကို ပြတ်တာပေါ့နော်။ လောလောဆယ်ကတော့ ပြတ်တဲ့အနေအထား မရှိသေးဘူး” လို့ ပြောပါတယ်။

ချင်း၊ စစ်ကိုင်း၊ မကွေးနယ်စပ် တမူးမြို့နယ်ဟာ အိန္ဒိယနယ်စပ်မှာ တည်ရှိတဲ့ မြို့နယ်ဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဒေသ လမ်းပန်းခရီးမှာ အဓိကကျတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။ လတ်တလောမှာ မကွေးတိုင်း၊ ဂန့်ဂေါဘက်ကနေ ကလေး-တမူးအထိ လမ်းပိုင်းတလျှောက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပါတယ်။

တမူး PDF အဖွဲ့ဝင်တဦးက “ပြင်ဆင်မှုတွေရှိတာပေါ့၊ မြို့ထဲမှာဆိုရင်၊ မြို့ပြင်အစပ်နားမှာရှိတဲ့ ဝန်ထမ်းအိမ်ရာတွေ ဘာတွေဆိုရင် သူတို့အကုန်လုံး အထဲကို ပြန်ရွှေ့နေတာ။ သူတို့ကို လာတိုက်တော့မှာ သတင်းတွေကြားနေတာ၊ ပစ်ခတ်မှုတွေ ကြောက်နေတာတော့ ရှိတာပေါ့။ သူတို့ ပြင်ဆင်မှုတော့ လုပ်မှာပေါ့။ ၆ ရက်နေ့မှာ သိမ်းနိုင်တယ် ဆိုပေမဲ့ ၇ ရက် ၈ ရက်ကျမှ ကျနော်တို့ စခန်းကို အပြီးသတ် သေသေချာချာ ရှင်းလင်းနိုင်တာပေါ့။ အရပ်သားသေဆုံးမှုတော့ မရှိပါဘူးဗျ။ လူနေရပ်ကွက်တွေ ပျက်စီးတာတော့ ရှိတာပေါ့” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်စပ် ထီးချိုင့်၊ ကသာမြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ထိတွေ့မှု ဆက်တိုက်ဖြစ်ပွားနေပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ စစ်ကောင်စီက ထီးချိုင့်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၇ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ထီးချိုင့်မြို့ပေါ် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်တွေနဲ့ စံပြရပ်ကွက်တွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“လေယာဉ်နဲ့ကြဲနေတယ်။ ဘောလုံးကွင်းအရှေ့ဘက်တဲ့၊ ဖလူတောင် တောင်ကြားတဲ့၊ ကျောက်ဖြူတောင်ဘက်တဲ့၊ ဂေါက်ကွင်းကြားတဲ့ လူက ၁၇ ယောက်သေတယ်။ လက်နက်ကြီးနဲ့ထုတာ မှန်ပြီး သေတာပေါ့။ အရပ်သားတွေ၊ ကျနော်သိတာတော့ စံပြရယ်၊ မြိုပေါ်ပိုင်းရယ်၊ စားခွက်ချောင်ဘက်ကိုထုတာ၊ မသိတတ်သေးဘူး ရွာဘက်ကိုထုတာက။”

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်နယ်စပ် ကသာ၊ ကောလင်း၊ ဝန်းသို၊ ကန့်ဘလူ၊ ပင်လည်ဘူး စတဲ့မြို့နယ်တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ စစ်ကောင်စီနဲ့ လက်အောက်ခံ ရှမ်းနီတပ် SNA၊ နာဂလက်နက်ကိုင်အစုအဖွဲ့တွေ စသဖြင့် နယ်မြေရှုပ်ထွေးတဲ့နေရာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဒေသမှာ KIA နဲ့ PDF တွေက စစ်ရေးအသာစီး ယူလိုက်နိုင်တာဖြစ်ပြီး စစ်ကောင်စီက ခံစစ်အသွင်ကို ရောက်နေပြီလို့ စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတယောက်က သုံးသပ်ပါတယ်။

“ကနီမြို့ကို ယာယီထိန်းတာတွေရှိတယ်။ ခုလည်း ပင်လည်ဘူးမြို့ကို သိမ်းလိုက်နိုင်တာတွေ ရှိတယ်ပေါ့။ ကောလင်းမြို့ကို သိမ်းလိုက်နိုင်တဲ့ဖြစ်စဉ်ကို ကြည့်ရင်လည်း ၃-၄ ရက်လောက် ဆင်နွှဲနေတဲ့ အချိန်မှာတောင်မှ အနီးဆုံးမှာရှိတဲ့ ကန့်ဘလူတို့ ပင်လည်ဘူးတို့ဘက်က စစ်တပ် တပ်သားတွေက စစ်ကူမလာနိုင်ဘူးဆိုတော့ သူတို့အနေနဲ့က အရင်လို တုံ့ပြန်နိုင်စွမ်း မရှိတော့ဘူး။ ခံစစ်ဘက်ကို ပိုပြီးတော့ စစ်ကောင်စီက အားပြုလာရတဲ့သဘောလို့ မြင်ပါတယ်။”

အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်မြောက်ပိုင်းမှာ စတင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ကရင်နီဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။ စစ်ကောင်စီဘက်က စစ်မျက်နှာအများအပြား ဖွင့်ထားရတာကြောင့် အချိန်နဲ့တပြေးညီ လက်နက်၊ လူအင်အား ထောက်ကူပေးဖို့၊ လေကြောင်းပစ်ကူ အသုံးပြုဖို့တောင် ခက်ခဲတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013