
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၂ ရက်ကစပြီး စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့ ကားတွေကို အသုံးပြုပြီး ထောက်ပို့လုပ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂ ရက်ကစပြီး ရွာငံမြို့ပေါ်မှာရှိတဲ့ အိမ်စီးကားတွေကို စာရင်းလုပ်ထားပြီး အလှည့်ကျအနေနဲ့ ဂိတ်မှာသွားထားပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာလို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ယူသုံးထားတဲ့ကားတွေ တစုံတရာဖြစ်ခဲ့ရင်လည်း တာဝန်ယူ ပြုပြင်ပေးတာမရှိဘူးလို့ ကားပိုင်ရှင်တွေက ပြောပါတယ်။
ရွာငံမြို့ပေါ်တွေသာမကာ သိမ်ကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ၊ ထန်းလှပင်ကျေးရွာ စတဲ့ ရွာငယ်တွေကအစ စာရင်းကောက်ထားပြီး ကားဆီကို အပြည့်ဖြည့်ထားပေးရမယ်လို့ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။
ရွာငံမြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦးက “အိမ်စီးကားရှိတဲ့ အိမ်တွေကို စာရင်းလုပ်ထားတယ်၊ အဲဒီမှာဆိုရင် တပတ်ကို အိမ်စီးကားနှစ်စီး ပို့ပေးရတယ်၊ တပတ်ပြည့်လို့မှ မသုံးဘူးဆိုရင် တခြားအိမ်ကလူတွေ ထပ်သွားပို့ရတယ်။ အဲဒီ သူတို့စီးနေတဲ့အတွင်းမှာ တခုခု ဖြစ်သွားရင်လည်း သူတို့တာဝန်မယူဘူး၊ ဒီတိုင်းပဲ တခုခုဖြစ်ရင်လည်း ကိုယ်ခံပေါ့” လို့ ပြောပါတယ်။
ရွာငံမြို့နယ်ထဲက အရပ်သားကားတွေကို စစ်ကောင်စီက ပေါ်တာဆွဲခေါ်ယူပြီး ရိက္ခာထောက်ပို့ ပြုလုပ်တာတွေရှိတဲ့အတွက် မငှားရမ်းပေးဖို့ မှော်ဘုရင်စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီယာဥ်တန်း ထောက်ပို့သွားနေတဲ့ လမ်းမတွေကို ဓနုဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် အခုပုံစံတမျိုးနဲ့ လှုပ်ရှားလာနေတာ ဖြစ်ပါတယ်။
ကားပိုင်ရှင်တဦးက “ဆေးရုံတွေသွားဖို့ အရေးပေါ်သွားဖို့ဆို ကားမရှိတော့ဘူး၊ မသုံးရတော့ဘူးပေါ့။ ပြီးတော့ စိုးရိမ်ချက်တွေ များတာပေါ့။ ကိုယ့်ကားကို သုံးတဲ့အချိန်မှာ တိုက်ခိုက်ခံရတယ်ဆိုရင် ပျက်စီးသွားမလားဆိုပြီးတော့ပေါ့။ ဆီလည်းအပြည့် ထည့်ထားရမယ်တဲ့၊ သူတို့မောင်းသွားလို့ ဆီပြတ်သွားရင် အဲနေရာမှာပဲ ပစ်ထားခဲ့မှာလို့ ပြောတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လတွေက စစ်ကောင်စီရိက္ခာ ထောက်ပို့ယာဉ်တန်းတွေနဲ့ စစ်ကြောင်းသွားတဲ့နေရာတွေကို ဒေသခံတွေကိုယ်တိုင် ကားမောင်းပို့ပေးခဲ့ရပေမယ့် အခုအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေ ကိုယ်တိုင် လာရောက်မောင်းယူကြတာလို့ ဆိုပါတယ်။










