
စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော ၃၈ စင်းဟာ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
မတ္တရာမြို့နယ် စစ်ရေးသတင်းရင်းမြစ်တယောက်က “အစီးအရေအတွက်ကတော့ စုစုပေါင်း ၃၈ စင်းလို့ သတင်းရထားတယ်ဗျ။ မနေ့ညပိုင်း ၁၀ နာရီအချိန်က တိုက်ခိုက်ရေးသင်္ဘော ၁ စင်းနဲ့ အခြား ၅ စင်းက ညပိုင်းကို ဆန်တက်လာတာဗျ။ အဲဒီလိုဆန်တက်လာပြီး ကျနော်တို့ မတ္တရာနယ်ထဲက ရှင်လှတောင်ရွာမှာ ကမ်းကပ်စခန်းချတယ်ဗျ။ ကျန်တဲ့အစီးတွေကတော့ ဒီနေ့ စက်တင်ဘာ ၆ ရက်နေ့ မနက်ခင်းပိုင်းမှ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာတာဗျ။ အခု နောက်ဆုံးသိရတာက စဉ့်ကူးမြို့နယ်အထဲ ရောက်သွားပြီ” လို့ ပြောပါတယ်။
အဲဒီသင်္ဘောတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်အတွင်း တိုက်ခိုက်ခံရပြီး စစ်ရှုံးခဲ့တဲ့နေရာကို သွားရာက်တာ မဖြစ်နိုင်ဘဲ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာအနီးမှာရှိတဲ့ နီကယ်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့် ဒေသခံတယောက်က “အခုတက်တာတွေက အများဆုံးက မောင်းကုန်းနီကယ်စက်ရုံကို ကြေးနီသွားတင်မယ်လို့လည်း ကြားတယ်ဗျ။ အခုလိုသွားတင်တာကိုမှ မောင်းကုန်းရွာမှာ အထိုင်ချ တပ်စွဲနေထိုင်စခန်းချဖို့ရာ ရဲခွေးတပ်ရင်းတရင်းလည်း ပါခဲ့တယ်လို့ ကျနော်တို့ သိထားရပါတယ်ဗျ။ ကျန်တဲ့ စစ်ခွေးကတော့ လုံခြုံရေးလိုက်တာလို့ သိရတယ်ဗျ။ နောက်ပြီး သင်္ဘောတွေကလည်း PDF တွေကို ဂိတ်ကြေးမပေးချင်လို့ အခုလို တချက်ခုတ် နှစ်ချက်ပြတ် စီစဥ်ပြီး လုပ်တယ်လို့ သတင်းရတယ်ဗျ” လို့ ပြောပါတယ်။
သင်္ဘောတွေဟာ ထီးချိုင့်မြို့နယ်၊ မောင်းကုန်း နီကယ်စက်ရုံကို ဦးတည်သွားမလားဆိုတာကို DVB အနေနဲ့ အတည်ပြုလို့တော့ မရသေးပါဘူး။
စစ်အာဏာရှင်တပ်ဟာ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းဖို့ ကချင်ပြည်နယ်၊ ရွှေကူကနေ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့တာမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာနားမှာ လမ်းတလျှောက်တိုက်ခိုက်ခဲ့ကြလို့ အများအပြား ထိခိုက်သေဆုံးခဲ့ကြပါတယ်။











