
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ပန်ဝါဒေသ၊ လဂွေရွာမှာ အောက်တိုဘာ ၂ ရက် နေ့လယ်က ယမ်းဂိုဒေါင် ပေါက်ကွဲလို့ လူ ၇ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
လဂွေရွာရှိ စာသင်ကျောင်းနဲ့ Chung Jung ဧည့်ရိပ်သာကြားမှာ သိုလှောင်ထားတဲ့ ယမ်းဂိုဒေါင် မနေ့ နေ့လယ် ၁၂ နာရီ ၄၃ မိနစ်လောက်က ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ရွာခံအမျိုးသားတယောက်က "အနီးးနားက စာသင်ကျောင်းနဲ့ ကျောင်းဝန်ထမ်းတွေနေတဲ့ အိမ်တွေ၊ အသင်းထောက်ဆရာ တပါးရဲ့ဆိုင်ကယ်ပြုပြင်ဆိုင် အားလုံး ပျက်စီးသွားခဲ့တယ်" လို့ ပြောပါတယ်။
အဲဒီ ပေါက်ကွဲမှုကြောင့် အသက်သေဆုံး သွားသူ ၇ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၁၁ ယောက်ရှိပြီး ဒဏ်ရာရသူတွေထဲက ၅ ယောက်က ဒဏ်ရာပြင်းထန်တာကြောင့် တရုတ်နိုင်ငံဘက် ပို့ဆောင် ကုသရမယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာဟာ ကျောင်းနဲ့နီးပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့နေ့က ကျောင်းပိတ်ထားလို့ ထိခိုက်ဒဏ်ရာရသူ နည်းပါးတာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“တကယ်လို့ မနေ့က ကျောင်းမပိတ်ပဲ ကျောင်းသာတက်ခဲ့ရင် ကျောင်းသား/ ကျောင်းသူနဲ့ ဆရာ ဆရာမတွေ ရာချီပါသွားနိုင်တယ်၊ ကျောင်းလည်း တစစီ ဖြစ်သွားမဲ့ အနေအထားဖြစ်တယ်။ စာသင်ကျောင်းကို လေကြောင်းအန္တရာယ်ကြောင့် ယာယီပိတ်ထားချိန်ဖြစ်လို့သာ ထိခိုက်မှု နည်းပါးတာ။”
လမ်းဖောက်ဖို့ ကန်ထရိုက်ဆွဲထားတဲ့ တရုတ်လုပ်ငန်းရှင်ရဲ့ ယမ်းလာသိုလှောင်ထားတဲ့နေရာက ပေါက်ကွဲတာလို့ ရွာခံအမျိုးသားတယောက်က ပြောပေမဲ့ ပေါက်ကွဲရတဲ့ လတ်တလော အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
မြန်မာ-တရုတ်နယ်စပ်အနီး ပန်ဝါဒေသ၊ လဂွေရွာက စစ်အာဏာရှင်တပ်နဲ့ ပြည်သူ့စစ်တပ် စခန်းတွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကလည်း MNDAA ထိန်းချုပ်ရာ သိန္နီမြို့နယ် မန်မိုင်ရွာမှာ ယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ပြီး မေလ ၃၁ ရက်က TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ ကောင်းတပ်ရွာနဲ့ ဧပြီ ၇ ရက်က UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့နယ် ယောင်ပန်ရွာမှာ ယမ်းသိုလှောင်ရုံတွေ ပေါက်ကွဲခဲ့ကာ လူအများအပြားသေဆုံး ဒဏ်ရာရခဲ့ပါတယ်။










