DVB Logo
Home
မြန်မာသတင်း
ပန်ဝါနှင့် ချီဖွေတွင် KIO က မြေရှားသတ္တုလုပ်ခွင့် ပြန်ပေးမည်
DVB
·
February 13, 2025
ပန်ဝါနှင့် ချီဖွေတွင် KIO က မြေရှားသတ္တုလုပ်ခွင့် ပြန်ပေးမည်
Donate to DVB

ကချင်ပြည်နယ်၊ ပန်ဝါနဲ့ ချီဖွေမြို့နယ်အတွင်းက မြေရှားသတ္တုလုပ်ကွက်တွေကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြန်လုပ်ကိုင်ခွင့်ပေးမှာဖြစ်ပြီး ကော်မတီအဖွဲ့က ဆက်လက်ဆောင်ရွက်နေတယ်လို့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အဲဒါကတော့ ဘယ်လိုပေါ်လစီအရက‌တော့ အရင်ကလုပ်နေတဲ့ ကုမ္ပဏီတွေကို ဆက်ပြီးမှ လုပ်ခိုင်းမယ်။ အခွန်အကောက်နဲ့ ပတ်သက်တာတွေကိုတော့ စီးပွားရေးဌာနနဲ့ စီးပွားရေး စီမံအုပ်ချုပ်ရေး ကော်မတီနဲ့ ပြောထားတာ ရှိပါတယ်။ ကုမ္ပဏီတခုနဲ့တခုလည်း မတူလောက်ပါဘူး။ သူတို့ ဘယ်လိုဆောင်ရွက်တယ် ဆိုတာတော့ ကျနော်တို့သတင်းဌာနတော့ အသေးစိတ် မကြားရပါဘူး။ ဒါပေမဲ့ မူကတော့ ဆက်လုပ်ခိုင်းမယ်ဆိုတာ အဲ့လောက်ပါပဲ။”

မြေရှားသတ္တုလုပ်ကွက်နဲ့ ပတ်သက်တာတွေကို စီမံဖို့အတွက် ကော်မတီဖွဲ့ပြီး လိုအပ်တာတွေကို ဆွေးနွေးလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာရှိတဲ့ မြေရှားသတ္တုလုပ်ကွက်တွေကို အရင်က ကချင်အထူးဒေသ ၁ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့် BGF တပ်က တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

KIA ကနေ တိုက်ခိုက်သိမ်းပိုက်တဲ့အချိန် လုပ်ကွက်တွေ ခေတ္တရပ်နားခဲ့ပြီး အခုချိန်မှာ ပြန်လည်လုပ်ကိုင်ဖို့ ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အချိန် မြေရှားသတ္တုလုပ်ကွက်တချို့ ပိတ်သွားပြီး KIO/KIA က အုပ်ချုပ်ခွင့် ရယူထားပြီးနောက် ပြန်ဖွင့်တဲ့ လုပ်ကွက်တွေဟာ အရင်နှစ်တွေကလောက် မများတော့တဲ့အပြင် အလုပ်သမားတွေလည်း အများကြီး မရှိတော့ဘူးလို့ သတ္တုတူးဖော်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။

“လုပ်ကွက်တွေက တရုတ်နှစ်သစ်ကူး ပြီးတဲ့နောက်ပိုင်းတော့ ပြန်ဖွင့်မယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ မဖွင့်သေးဘူး။ လုပ်တဲ့ဆိုဒ်တွေကတော့ ဆက်လုပ်မယ်ပေါ့။ ကုမ္ပဏီတွေက ပြန်ဖွင့်ရင်တောင် အရင်ကလောက် မရှိနိုင်တော့ဘူး။ အရင်က ရှိနေတဲ့ဆိုဒ်တွေ အများဆုံးက KIA သိမ်းသွားပြီးဆိုတော့။”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ KIA ပူးပေါင်းတပ်ဖွဲ့တွေက ကချင်အထူးဒေသ ၁ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်ခွင့်ရဒေသတခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်မှာ ကချင်အထူးဒေသ ၁ ဆိုတဲ့ သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး KIO/KIA ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီဒေသတခုလုံးဟာ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း ရှိနေပြီဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တာတွေကို တဆင့်ချင်း လုပ်ဆောင်သွားဖို့လည်း ကဏ္ဍအလိုက် ကော်မတီတွေဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ KIA ဘက်က ပြောဆိုထားပါတယ်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ ဒီလုပ်ငန်းတွေကို စနစ်တကျ တူးဖော်စေချင်ပြီး ရပ်ရွာအတွက်လည်း ကြည့်ပေးစေချင်တယ်လို့ ပြောပါတယ်။

“လုပ်ကွက်တွေကို ကန့်ကွက်တာတော့ မဟုတ်ဘူး။ ကျနော်တို့ရွာတွေကိုလည်း ကြည့်ပေးစေချင်တယ်။ အရင်က လုပ်ကွက်တွေ ဖြစ်သလို ကျနော်တို့သုံးတဲ့ ချောင်းရေတွေထဲ စွန့်ပစ်တော့ ရေသုံးစရာ ခက်လာတယ်။ သုံးစရာမရှိလို့ သုံးရင်လည်း ရောဂါ၊ စိုက်ခင်းတွေဆိုလည်း မြေဆီလွှာတွေပျက်။ ကျွဲ နွား တိရစ္ဆာန် အိမ်ကြက်တွေလည်း ဒီမြေ ဒီရေတွေမှာပဲ ကျက်စားတော့ ရောဂါတွေဖြစ်နဲ့။ ကျနော်တို့က မလုပ်စေချင်ဘူးဆိုတာထက် စနစ်တကျနဲ့ လုပ်စေချင်တာပါ။”

မြေရှားသတ္တုတူးဖော်မှုတွေဟာ ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာခဲ့တဲ့အတွက် ဒေသရှိ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအပြင် ဒေသခံတွေ စိုက်ပျိုးမြေဆုံးရှုံးမှုတွေ ခံနေရတယ်လို့ Myanmar Resources Watch ရဲ့ စာတမ်းအရ သိရှိရပါတယ်။

အဲဒီလုပ်ငန်းကြောင့် ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတည်ငြိမ်မှု၊ လမ်းပန်းဆက်သွယ်ရေး ဘေးကင်းလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင် အရည်အသွေး အခြေအနေတွေ ပြောင်းလဲသွားရတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေဟာ ရွာနဲ့အနီးမှာ မြေရှားသတ္တုကို ကန့်ကွက်ခဲ့ကြပေမဲ့ ဒေသတွင်းရှိ အာဏာပိုင်တွေ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နဲ့ လုပ်ငန်းရှင်တွေရဲ့ ခြိမ်းခြောက်မှု တားဆီးမှု အရေးယူမှုတွေနဲ့ ဖိအားပေးမှုတွေကိုသာ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ဒေသကို အုပ်ချုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသတွင်းအာဏာပိုင်တွေအနေနဲ့ မြေရှားသတ္တုကနေ ရရှိလာတဲ့ ဝင်ငွေတွေကို မြို့နယ်အတွင်းက အဆောက်အအုံတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ရွက်ပေးသင့်တယ်လို့လည်း MRW က အကြံပြုထားပါတယ်။

Global Witness အဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်အရ တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ ပန်ဝါဒေသမှာ မြေရှားသတ္တုလုပ်ငန်းပေါင်း ၃၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013