DVB Logo
Home
မြန်မာသတင်း
နောင်ချိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ညစဉ်ပစ်ခတ်၊ မင်းတပ်တွင် လေကြောင်းက တိုက်ခိုက်
DVB
·
November 5, 2023
နောင်ချိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ညစဉ်ပစ်ခတ်၊ မင်းတပ်တွင် လေကြောင်းက တိုက်ခိုက်
Donate to DVB

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ညတိုင်းပစ်ခတ်နေပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရသလို ချင်းပြည်နယ်၊ မင်းတပ်မှာလည်း တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲမှာ တိုက်ပွဲဖြစ်တာမရှိဘဲ မင်းတပ်မြို့နယ် ၁၆ မိုင်နဲ့ ပန်းစခန်းကြား အများပြည်သူသွားတဲ့ ကားလမ်းကို ဗုံး ၆ လုံးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပန်းစခန်းအနီး လမ်းဆုံကားလမ်းဘေးက လူနေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ခံတယောက်က “ဒီလမ်းက မင်းတပ် မတူပီကြားက ၁၆ မိုင်ကနေ လမ်းခွဲသွားတာ။ တခြားရွာတွေကို သွားတဲ့လမ်း၊ လမ်းဆုံပေါ့။ မနေ့က တိုက်ပွဲဖြစ်တဲ့ အသံလည်းမကြားရပါဘူး။ စစ်တပ်ဘက်ကတော့ လက်နက်ကြီးနဲ့ ၅ ကြိမ်ပစ်တယ်” လို့ ပြောပါတယ်။

မင်းတပ်အခြေစိုက် ခလရ ၂၇၄ ဘက်ကလည်း ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်မှုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်ဘက်က အောက်တိုဘာ ၂၉ ရက်နေ့က စလို့ တိုက်ပွဲ ဖြစ်နေတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ညစဉ် ပစ်ခတ်နေပြီး လယ်ကြီးတောရွာက အမျိုးသမီးတယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီတပ် ၁၁၅ တပ်နဲ့ ၁၁၄ တပ်တို့က နောင်ချိုမြို့နယ်ထဲက ကျောက်ကြမ်းရွာ၊ အုမ္မခါးရွာ၊ အုမ္မသီးရွာ၊ လယ်ကြီးတောရွာနဲ့ ရွှေညောင်ပင်ရွာဘက်တွေကို လက်နက်ကြီးတွေ ပစ်ခတ်နေခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ညဘက်တွေဆို လက်နက်ကြီး အတန်းလိုက်ကြီး မြင်ရတယ်။ အိပ်တော့ မအိပ်ရဲဘူး။ ဘယ်အချိန် ကိုယ့်အနား ကျလာမလဲ လန့်နေရတာ။ တပ်တွေဘက်ကနေ ပစ်တာပဲ။ နှစ်ဖက် အပြန်အလှန်ပစ်တာတွေရှိပေမယ့် တပ်တွေကပဲ ရွာတွေထဲပစ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ၁၁၅ တပ်က နိုဝင်ဘာ ၃ ရက်နေ့ညကနေ မနက်အထိ ဟောင်ဝစ်ဇာလက်နက်ကြီး အလုံး ၂၀ ကျော်ပစ်ခတ်ခဲ့တာကြောင့် လယ်ကြီးတောရွာထဲကို ထိမှန်ပြီး အမျိုးသမီးတယောက် ဝမ်းဗိုက်ကျည်ထိမှန်ခဲ့တဲ့အပြင်  နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒေသခံတယောက်က “အခုတော့ ပြင်ဦးလွင် ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်၊ အခြေအနေကတော့ မစိုးရိမ်ရပါဘူး၊ အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ ကျနော်တို့လည်း စစ်ရှောင်နေရတော့ မသိရသေးတာပါ” လို့ ပြောပါတယ်။

​အောက်တိုဘာ ၂၉ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့ပြီး အမျိုးသမီးတယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013