DVB Logo
Home
Lead Story
နိုင်ငံသားတိုင်း အသက်ဘဝကို တန်ဖိုးထား စောင့်ရှောက်မည့် စနစ်သစ်ဆီသို့
DVB
·
November 4, 2023
နိုင်ငံသားတိုင်း အသက်ဘဝကို တန်ဖိုးထား စောင့်ရှောက်မည့် စနစ်သစ်ဆီသို့
Donate to DVB

တိုင်းပြည်တပြည်ကို ဦးဆောင်စီမံအုပ်ချုပ်တဲ့ စနစ်တခုဆိုတာ အဲဒီတိုင်းပြည်တွင်း နေထိုင်ကြတဲ့ လူအားလုံးရဲ့ အသက်ဘဝတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်နိုင်‌အောင်၊ နိုင်ငံသူ နိုင်ငံသားအားလုံး လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်သန်ခွင့်၊ ကြီးပွားချမ်းသာခွင့်တွေရအောင် တရားမျှတစွာ ဖန်တီးအုပ်ချုပ်တဲ့စနစ် ဖြစ်ဖို့ အလွန်အရေးကြီးလှပါတယ်။

အဲဒီတော့ နိုင်ငံတနိုင်ငံမှာရှိတဲ့ အုပ်ချုပ်ပုံစနစ်တရပ် ကောင်း မကောင်း၊ လက်ခံထိုက်သလား လက်သင့်မခံထိုက်ဘူးလား ဆိုတာကို အဲဒီနိုင်ငံသူနိုင်ငံသားတွေရဲ့ အသက်ဘဝ လုံခြုံမှုတွေကို တန်ဖိုးထားပြီး ကာကွယ်စောင့်ရှောက်ထားသလား တန်ဖိုးမထားဘဲ မကာကွယ်၊ မစောင့်ရှောက်ဘူးလား ဆိုတဲ့ အခြေခံအကျဆုံး ပေတံနဲ့ပဲ တိုင်းတာကြည့်နိုင်ပါတယ်။

အသက်ဘဝလုံခြုံမှု ဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် အသက်ခန္ဓာလုံခြုံမှု၊ စီးပွားရေးဘဝ လုံခြုံမှု၊ ကျန်းမာရေးဘဝ လုံခြုံမှု၊ ပညာရေးဘဝ လုံခြုံမှု၊ လူမှုပတ်ဝန်းကျင်ဘဝ လုံခြုံမှု၊ အနာဂတ်ဘဝ လုံခြုံမှု စတာတွေ ပါဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစဉ်ကနေ ဒီကနေ့ချိန်အထိ စစ်အာဏာရှင်တွေ ဗိုလ်ကျအုပ်စီးတဲ့ ကာလအားလုံးမှာ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူအားလုံးမှာ အပေါ်မှာ ရေးပြခဲ့တဲ့ လုံခြုံမှုအမျိုးအစားအားလုံး မရှိဘဲ အချိန်အခါမရွေး အာဏာရှိသူ၊ လက်နက်ရှိသူတွေရဲ့ အနိုင်ကျင့် သတ်ဖြတ်၊ ဖျက်ဆီး ဗိုလ်ကျမှု ခံကြရတာမို့ အကြောက်တရားနဲ့ ရှင်သန်ခဲ့ကြရပါတယ်။

စစ်ဖိနပ်အောက်က မြန်မာနိုင်ငံမှာ တရားဥပဒစိုးမိုးမှုမရှိဘဲ ဥပဒေအထက်မှာ၊ ပြည်သူလူထုရဲ့ ဦး‌ခေါင်းထက်မှာ စစ်အခွင့်ထူးခံတွေ ကြီးစိုးမင်းမူခဲ့ကြတာ လူတိုင်းအသိ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေဟာ အသက်ခန္ဓာမလုံခြုံမှု၊ စီးပွားရေးဘဝ မလုံခြုံမှု၊ ကျန်းမာရေးဘဝ မလုံခြုံမှု၊ လူမှုပတ်ဝန်းကျင်ဘဝ မလုံခြုံမှုတွေကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ရပါတယ်။

ဒီနေရာမှာ ပြည်သူလူထုရဲ့ အသက်ဘဝတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ စင်ကာပူနိုင်ငံ အုပ်ချုပ်ပုံစနစ်ကောင်းတရပ်ဟာ စင်ကာပူနိုင်ငံသား‌တွေသာမက ရွှေ့ပြောင်းလုပ်သား နိုင်ငံခြားသားတွေရဲ့ အသက်ဘဝတွေကို ဘယ်လို ကာကွယ်စောင့်ရှောက် ပေးထားတယ် ဆိုတာကို မသိသေးတဲ့ စာဖတ်သူတို့ သိရှိနိုင်အောင် ရေးပြချင်ပါတယ်။

စင်ကာပူမှာ အလုပ်လုပ်ကြတဲ့သူတိုင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီး အသက်ဘဝ လုံခြုံနိုင်သမျှ လုံခြုံအောင် မဖြစ်မနေ လိုက်နာရမယ့် ဥပဒေတွေ၊ နည်းဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းပြီး လိုက်နာမှုမရှိရင် ထိရောက်စွာ အဂတိမလိုက်စားဘဲ အရေးယူနိုင်မှုရှိအောင်လည်း စီမံထားပါတယ်။ ဥပမာပြရရင် အစိုးရဌာနတွေ အပါအဝင် ပုဂ္ဂလိကကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်း အားလုံးဟာ သူတို့ရဲ့အလုပ်အားလုံးအတွက် စွန့်စားကိန်းကို ဆန်းစစ်တွက်ချက်စီမံမှု (Risk Management) မဖြစ်မနေ လုပ်ကြရပါတယ်။

ပထမအဆင့်အနေနဲ့ အလုပ်သမားတွေ မလုပ်ကိုင်ခင်မှာ သူတို့လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်တွေအားလုံး (ဥပမာ- အမြင့်ကပြုတ်ကျမယ့်အန္တရာယ်) ကို ရှာဖွေပြုစုခြင်း (Hazards Identification) လုပ်ရပါတယ်။ ဒုတိယအဆင့်ကတော့ အဲ့ဒီအန္တရာယ်တွေနဲ့ ကြုံလာရင် အလုပ်သမားတွေကို ဘယ်လောက်အထိ ထိခိုက်အနာတရ ဖြစ်စေနိုင်သလဲ၊ အန္တရာယ်ကျရောက်နိုင်ခြေ ဘယ်လောက်ရှိသလဲ ဆိုတဲ့ စွန့်စားကိန်းကို တွက်ချက်ရခြင်း (Risk Evaluation) လုပ်ရပါတယ်။

တတိယအဆင့်ကတော့ အလုပ်သမားတွေ စွန့်စားရကိန်း နည်းနိုင်သမျှနည်းအောင်၊ အန္တရာယ် မကျရောက်အောင် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေ အသုံးပြုတာ၊ အန္တရာယ်ကျရောက်ခဲ့ရင်တောင် ပြင်းထန်တဲ့ဒဏ်ရာ မရအောင် စတဲ့ စွန့်စားကိန်းကို ထိန်းချုပ်ခြင်း (Risk Control) ကို လုပ်ကြရတာဖြစ်ပါတယ်။

ပြီးတော့မှ အန္တရာယ်စွန့်စားကိန်း ဆန်းစစ်တွက်ချက်ကာကွယ်မယ့် အစီအမံတွေကို အလုပ်သမားတွေထံ အသိပေးလိုက်နာစေခြင်းနဲ့ ထိခိုက်ဒဏ်ရာက သေဆုံးမှုမဖြစ်အောင် ကာကွယ်ပေးကြတာ ဖြစ်ပါတယ်။ စင်ကာပူအစိုးရက လုပ်ငန်းခွင်ဘေးကင်းရေး ဆောင်ရွက်နေပါလျက် မတော်တဆ ထိခိုက်ဒဏ်ရာ ရတဲ့အခါ ဆုံးရှုံးထိခိုက်မှု မကြီးမားအောင် ထိန်းချုပ်ကာကွယ်နိုင်ဖို့ စင်ကာပူတကျွန်းလုံးမှာရှိတဲ့ ဘယ်နေရာကခေါ်ခေါ် ထိခိုက်ဒဏ်ရာရတဲ့နေရာဆီ အရေးပေါ်သူနာပြုယာဉ်တွေ ၁၁ မိနစ်အတွင်း ရောက်နိုင်အောင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စီမံပေးထားပါတယ်။

အဲ့ဒါအပြင် အရေးပေါ်သူနာပြုယာဉ် မရောက်ခင် ၁၁ မိနစ်အတွင်း သွေးထွက်လွန်လို့ဖြစ်စေ၊ နှလုံးခုန်ရပ်သွားတာမျိုး၊ အသက်ရှူကြပ်၊ အသက်ရှူရပ်သွားတဲ့ ထိခိုက်ဒဏ်ရာရသူ၊ နေထိုင်မ‌ကောင်းဖြစ်သူတွေရဲ့ အသက်ကို ဆွဲဆန့်ထားနိုင်အောင် ရှေးဦးသူနာပြု (First Aider) တွေ လုပ်ငန်းခွင်တိုင်းမှာ အဆင်သင့်ရှိနေအောင် အလုပ်သမား ၂၅ ယောက်မှာ ရှေးဦးသူနာပြု ၁ ယောက်ရှိနေအောင် လေ့ကျင့်သင်တန်းပေး ခန့်ထားစေပါတယ်။

နောက်ဆုံး အလုပ်သမားတယောက်ဟာ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရလို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရင် ဒါမှမဟုတ် အသက်ဆုံးရှုံးခဲ့ရင်တောင် ထိုက်တန်တဲ့ နစ်နာကြေးတွေ ရအောင်၊ ကျန်ရစ်သူမိသားစုတွေရဲ့ ဘဝပျက်မသွားအောင် စင်ကာပူအစိုးရက အလုပ်လုပ်သူတိုင်းအတွက် စီမံထားပါတယ်။

အလုပ်သမားတဦးဟာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရင် အနည်းဆုံး $97,000 × (% permanent incapacity) ကနေ အများဆုံး $289,000 × (% permanent incapacity) ထိ ရနိုင်ပါတယ်။ အသက်ဆုံးရှုံးရင် အနည်းဆုံး စင်ကာပူ ဒေါ်လာ ၇၆,၀၀၀  ကနေ အများဆုံး ၂၂၅,၀၀၀ ထိ ရနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် စင်ကာပူနိုင်ငံမှာ အလုပ်လုပ်တဲ့ လူတယောက်ရဲ့ အသက်တန်ဖိုးဟာ မြန်မာငွေကျပ် သိန်း ၅,၃၀၀ ကျော် တန်ဖိုးရှိတဲ့သဘောမို့ အသက်ဘဝ လုံခြုံမှု အတိုင်းအတာတခုထိ ရှိတဲ့သဘောပါပဲ။

ကဲ အခု မြန်မာနိုင်ငံဘက် ပြန်ကြည့်ကြရအောင်။ အခုနောက်ဆုံး အာဏာလုဓားပြ မင်းအောင်လှိုင် လက်ထက်မှာတော့ နိုင်ငံသားတိုင်းရဲ့ အသက်ဘဝ မလုံခြုံမှုဟာ မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး အခြေအနေကို ဆိုက်ရောက်ခဲ့ရတာ လူတိုင်းအသိ ဖြစ်ပါတယ်။ အခွင့်ထူးခံ စစ်အာဏာရှင်တွေ စီမံအုပ်ချုပ်တဲ့တိုင်းပြည်မှာ အစိုးရဝန်ထမ်း (သို့) ကုမ္ပဏီဝန်ထမ်း အလုပ်သမားတယောက်ရဲ့ အသက်တန်ဖိုး ဘယ်လောက်တန်ပါသလဲ။ အလုပ်လုပ်သူတယောက် လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရင် ဒါမှမဟုတ် အသက်ဆုံးရှုံးခဲ့ရင် နစ်နာကြေး ဘယ်လောက်ရနိုင်ပါသလဲ။ ကုမ္ပဏီပိုင်ရှင်က သနားလို့ ကျန်ရစ်မိသားစုအတွက် သဒ္ဓါကြေး အနည်းအကျဉ်းနဲ့ ဘဝပျက်ကြရတာ များပါတယ်။ မြန်မာနိုင်ငံသားတွေ အရေးပေါ် မကျန်းမာတဲ့အခါ၊ အက်ဆီးဒင့်တွေ ဖြစ်တဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါတွေမှာ Ambulance အရေးပေါ်သူနာပြုယာဉ်ကို ခေါ်ကြရတဲ့အခါ ဘယ်လောက်ကြာမှ ရောက်တတ်ပါသလဲ။ စင်ကာပူလောက် မမြန်တောင် အသက်မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရအောင် စစ်အာဏာရှင်တွေဟာ ပြည်သူလူထုအတွက် စီမံထားပါသလား။

နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက်ဘဝတွေ၊ ကျန်းမာရေးဘဝတွေကို လုံခြုံအောင် မစီမံရုံတင်သာမက ပြည်သူလူထုအသက်ကို ဥပဒေမဲ့ သတ်ဖြတ်နေကြတာ မဟုတ်လား။ ပြည်သူလူထု အိုးအိမ် မြေယာတွေ ဥပဒေမဲ့ သိမ်းဆည်းချိပ်ပိတ်နေကြတာ မဟုတ်လား။ ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းတွေကို တရားမဲ့ သိမ်းဆည်း ဖျက်ဆီးနေကြတာ မဟုတ်လား။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် လက်နက်အားကိုး စစ်ဓားပြ သူခိုးတွေ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို နှစ်ပေါင်း ၆၀ ကျော် လုယူခဲ့ခြင်းနဲ့အတူ ပြည်သူလူထုရဲ့ အသက်ခန္ဓာလုံခြုံမှု၊ စီးပွားရေးဘဝလုံခြုံမှု၊ ကျန်းမာရေးဘဝလုံခြုံမှု၊ ပညာရေးဘဝလုံခြုံမှု၊ လူမှုပတ်ဝန်းကျင်ဘဝလုံခြုံမှု၊ အနာဂတ်ဘဝလုံခြုံမှု စတဲ့ လုံခြုံမှုအားလုံးဟာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ မြန်မာပြည်သူ တိုင်းရင်းသား ရဟန်းရှင်လူ အသိန်းအသန်း အသက်တွေ ဘဝတွေ ပေးဆပ်ရင်းနှီးလို့ ဆင်နွှဲနေကြတဲ့ ၂၁ ရာစု မြန်မာ့နွေဦးတော်လှန်ရေးကြီးဟာ နိုင်ငံသားတိုင်း အသက်ဘဝကို တန်ဖိုးထား စောင့်ရှောက်နိုင်မယ့် စနစ်သစ်ဆီကို တည်ထောင်မှာ ဖြစ်တာကြောင့် ပြည်သူပြည်သားအားလုံး မဖြစ်မနေ နိုင်ရာဝန်ထမ်းပြီး အရဲရင့်ဆုံး တန်ဖိုးအရှိဆုံး သမိုင်းကမ္ပည်းထိုးရာမှာ တညီတညွတ်တည်း ပါဝင်ပူပေါင်း ကူညီရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013