
လီဗာပူးဘောလုံးကစားသမား လူးဝစ်ဒီယက်ဇ်ရဲ့ မိဘတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြန်ပေးဆွဲ ခံရမှုမှာ ကိုလံဘီယာ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်တပ်ဖွဲ့မှ ပြောက်ကျားတွေမှာ တာဝန်ရှိတယ်လို့ အစိုးရက နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီပြန်ပေးဆွဲမှုမှာ အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ELN) ရဲ့ အဖွဲ့ငယ်တဖွဲ့မှာ တာဝန်ရှိတယ်လို့ ဖော်ထုတ်ထားကြောင်း ELN နဲ့ညှိနှိုင်းရေး ကိုလံဘီယာအစိုးရ ကိုယ်စားလှယ် အိုင်ဗန်စီပီဒါက ပြောပါတယ်။
ဒီယက်ဖ်ရဲ့ မိသားစု၊ ကိုလံဘီယာလူ့အဖွဲ့အစည်းနဲ့ ကမ္ဘာတဝန်းရှိ သန်းပေါင်းများစွာသော ဘောလုံးကစားသမားတွေနဲ့အတူ တစည်းတလုံးတည်းရှိကြောင်း ပြောကြားလိုက်ပြီး (ELN) တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခံထားရသူကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ သူ့ရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကို အာမခံချက်ပေးဖို့လည်း တောင်းဆိုထားကြောင်း စီပီဒါက ပြောသွားပါတယ်။
ဒီယက်ဇ်ရဲ့ မိခင် စီလယ်နစ်စ် မာရူလန်ဒါနဲ့ ဖခင် လူးဝစ်မာနူယယ် ဒီယက်ဇ်တို့ဟာ မြောက်ပိုင်း လာဂွါဟီရာပြည်နယ်မှာ ကားမောင်းနေတုန်း လက်နက်ကိုင်တွေရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရတာပါ။
ပြန်ပေးဆွဲခံရအပြီး နာရီအနည်းငယ် အကြာမှာ မိခင်ဖြစ်တဲ့ မာရူလန်ဒါ လွတ်မြောက်လာပေမဲ့ ဖခင်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ကိုလံဘီယာရဲ့ အစွန်းရောက် လက်ဝဲပြောက်ကျားအုပ်စု ဖြစ်တဲ့ ELN ဟာ အဖွဲ့ရဲ့ စစ်ဆင်ရေး လုပ်ငန်းတွေအတွက် ပြန်ပေးဆွဲ၊ ငွေညှစ်တာ နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေနဲ့ ကာလရှည်ကြာ ရန်ပုံငွေ ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် မနှစ်က ပြန်လည်စတင်ခဲ့တဲ့ ELN နဲ့ အစိုးရအကြား ဆက်လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ခြိမ်းခြောက်နိုင်ကြောင်း ရိုက်တာ သတင်းမှာ ရေးထားပါတယ်။
Source/Photo-Reuters