
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ မြတ်မော်တင်စေတီအနီးမှာ နိုဝင်ဘာ ၂ ရက် မနက် ၈ နာရီက စက်လှေတစီးပေါ်ကနေ ရိုဟင်ဂျာ ၁၆၇ ဦး နဲ့ လိုက်ပါပို့ဆောင်သူ ၁၀ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရေတပ်က မနေ့ မနက်ပိုင်းက ပင်လယ်ပြင် လှည့်ကင်းလှည့်နေစဥ် ငပုတောမြို့ခံတဦး ပိုင်ဆိုင်တဲ့ "ဇေယျာအောင်စက်လှေကို စစ်ဆေးရာကနေ ရိုဟင်ဂျာ ၁၆၇ ဦး ကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ငပုတော မြို့ခံတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ရိုဟင်ဂျာတွေအများကြီးပဲ အရင်ကထားတဲ့ ရေသန့်ဂိုဒေါင်မှာပဲထားတာ ကိုဗစ်ကူးတဲ့သူတွေရောပါလာလို့ ဆရာဝန်တွေပါရောက်လာတယ်"လို့ ပြောပါတယ်။
"ဇေယျာအောင် "စက်လှေပေါ်ကနေ ဖမ်းဆီးရမိသူတွေထဲမှာ ရိုဟင်ဂျာအမျိုးသား အယောက် ၈၀ နဲ့ အမျိုးသမီး ၈၇ ဦး ပါဝင်ပြီး လိုက်ပါပို့ဆောင်ခေါ်ဆောင်သူ ၁၀ ဦး ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
"ခေါ်လာတဲ့ ဆယ်ယောက်ကို စစ်နေတယ် စက်လှေက ငပုတောက လှိုင်သာယာက ၂ ယောက်၊ ရွှေပြည်သာက ၁ ယောက်၊ ဧရာဝတီက ၃ ယောက်၊ ကျန်တဲ့ငါးယောက်က ရခိုင်က စစ်ဆေးနေတုန်းပဲရှိသေးတယ်"လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၆၇ ဦးထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးမှာ ကိုဗစ်ရောဂါဖြစ်ပွားနေလို့ သီးသန့်အဆောက်အဦးမှာ ထိန်းသိမ်းထားတယ်လို့ ကျန်းမာရေး နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စစ်တပ်ရော ရဲရော လဝကရော စစ်တယ်။ မိတဲ့သူတွေထဲမှာ ရောဂါဖြစ်နေတဲ့သူတွေပါတယ်။ ကိုဗစ်ဖြစ်နေတဲ့ သူတွေ စစ်တပ်က ဂိုဒေါင်တခုထားခိုင်းထားတယ်။”
လတ်တလောမှာ ဖမ်းဆီးရမိသူ ၁၇၇ ဦးထဲက ခေါ်ဆောင်လာသူ အမျိုးသားဆယ်ဦး ကို ငပုတောမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီ က သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း ငပုတောမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါသေးတယ်။