
ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့ လူမပါတဲ့ ဒုတိယမြောက် ရေငုပ်ယာဉ် တစင်းကို ဖမ်းမိတယ်လို့ အီရန်ရေတပ်ရဲ့ ကြေညာချက်ကို ကိုးကားပြီး အီရန် အစ္စလာမစ်တော်လှန်ရေး အစောင့်တပ် IRGC ရဲ့ တရားဝင် သတင်းဌာနဖြစ်တဲ့ စီပါနယူးစ် သတင်းဌာနက ဖော်ပြပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ ထောက်လှမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်သုံး ရေအောက်ယာဉ် (AUV) တစင်းကို "ထောက်လှမ်းရေးဆိုင်ရာ အသာစီးရယူမှုနဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးတို့ ပေါင်းစပ်ပါဝင်တဲ့ ရှုပ်ထွေးပြီး စနစ်တကျစီစဉ်ထားတဲ့ စစ်ဆင်ရေး တခုအတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
AUV ဟာ "REMUS 600" အမျိုးအစားဖြစ်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပြီး၊ ယာဉ်ထဲက အချက်အလက်တွေကို ပြန်ရယူနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေဆီ လွှဲပေးထားပြီးပြီလို့လည်း စီပါနယူးစ်သတင်းဌာနမှာ ရေးပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားပြီး ဒီရေလမ်းကြောင်းအတွင်း အန္တရာယ်ရှိတဲ့ လှုပ်ရှားမှုတွေ၊ ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းတွေကနေ ဖြတ်သန်းသွားလာမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အဆက်မပြတ်ဆောင်ရွက်နေတယ်လို့ အီရန်ရေတပ်က အလေးပေး ပြောပါတယ်။
ဒီလအစောပိုင်းကလည်း IRGC ဟာ ဟော်မုဇ် ရေလက်ကြားဝင်ပေါက်မှာ အမေရိကန်စစ်တပ်ရဲ့ "အဆင့်မြင့်ဆုံး ဉာဏ်ရည်မြင့်" မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်တစင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ကြေညာခဲ့ပြီး၊ အဲဒီယာဉ်ကို "Dive-LD" အမျိုးအစားဖြစ်တယ်လို့ စီပါနယူးစ်က ဖော်ထုတ် ပြောကြားခဲ့ပါသေးတယ်။
အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (U.S. Central Command) ကတော့ အဲဒီ ရေငုပ် သင်္ဘော ဒရုန်းအသေးစားဟာ တရက်ကျော်ကြာကတည်းက စက်ချို့ယွင်းနေခဲ့ပြီး ထောက်လှမ်းရေး လုပ်ငန်းလုပ်ဆောင်နေခဲ့တယ်လို့ ပြောပါတယ်။
အဲဒီရေအောက်ဒရုန်းဟာ မော်ဒယ်ဟောင်းတခုဖြစ်ပြီး အရေးပါတဲ့ အချက်အလက်တွေကို စုဆောင်းမနေသလို လျှို့ဝှက်တဲ့ အသံလှိုင်းသုံး ဒါမှမဟုတ် ရေဒါသုံး ကိရိယာတွေ တပ်ဆင် မထားဘူးလို့လည်း ဆိုပါတယ်။
အီရန်နိုင်ငံပိုင်နက်အတွင်း အစ္စရေးနဲ့ အမေရိကန်တို့ ပူးတွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်က ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်မှုကို တင်းကျပ်ခဲ့ပြီး အစ္စရေးနဲ့ အမေရိကန်တို့ ပိုင်ဆိုင် ဆက်နွှယ်နေတဲ့ သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။
Source:Reuters










