DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး အီးယူတောင်းဆို၊ ဟားမတ်စ်အဖွဲ့ မော်စကိုရောက်
DVB
·
October 27, 2023
အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး အီးယူတောင်းဆို၊ ဟားမတ်စ်အဖွဲ့ မော်စကိုရောက်
Donate to DVB

ဂါဇာဒေသမှာ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်နိုင်ဖို့နဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ ဗုံးကြဲမှုတွေနဲ့ ဟားမတ်စ်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ခေတ္တရပ်နားပေးဖို့အတွက် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက အောက်တိုဘာ ၂၇ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမှုကြောင့် ဥရောပသမဂ္ဂ (အီးယူ) အစုအဖွဲ့အတွင်း ရက်အတန်ကြာအောင် အငြင်းပွားနေခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မှာ ပြုလုပ်ခဲ့တဲ့ ဒီထိပ်သီးအစည်းအဝေးရဲ့  သဘောတူ ထုတ်ပြန်ချက်အရ “ဂါဇာကမ်းမြောင်မှာ ပိုမိုယိုယွင်းလာတဲ့ လူသားချင်းစာနာမှု အခြေအနေအတွက် အလွန်စိုးရိမ်မိတယ်” ဆိုပြီး ဖော်ပြထားပါတယ်။

ဒါ့အပြင် အကူအညီ လိုအပ်နေသူတွေအတွက် အဟန့်အတားမဲ့စွာ၊ မြန်ဆန်စွာ၊ ဘေးကင်းစွာနဲ့ ဆက်လက်ပြီး ထောက်ပံ့နိုင်မယ့် လူသားချင်းစာနာမှုအရ ဝင်ရောက်ခွင့်ကိုလည်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီထဲမှာ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံလမ်းကြောင်းတွေနဲ့ လိုအပ်ချက်တွေအတွက် ခဏတာ စစ်ပွဲရပ်ထားပေးဖို့လည်း ပါဝင်ပါတယ်။

ဒါဟာ အောက်တိုဘာ ၇ ရက်နေ့မှာ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့ရဲ့  အစ္စရေးအပေါ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဥရောပခေါင်းဆောင်တွေက ပထမဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဆုံခဲ့ကြတာပါ။

ဒါကြောင့် အစ္စရေးဘက်က လက်တုံ့ပြန့်တဲ့အနေနဲ့ ဟားမတ်စ်စိုးမိုးထားရာ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ပိတ်ဆို့ဖြတ်တောက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ဂါဇာကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်အဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မော်စကိုကို ရောက်ရှိနေကြောင်း ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရော့ဗ်က မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မော်စကိုကို ရောက်ရှိလာသူတွေထဲမှာ ဟားမတ်စ် အကြီးတန်းအဖွဲ့ဝင် အဘူမာဇွတ်ခ်လည်း ပါဝင်ကြောင်း ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့မှ သတင်းရင်းမြစ်ကို ကိုးကားပြီး ရုရှားအစိုးရပိုင် RIA သတင်းဌာနက ဖော်ပြပါတယ်။

ဟားမတ်စ်အဖွဲ့ကလည်း အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ အစ္စရေးရဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးထုတ်ပြန်ကြောင်း ရုရှားနိုင်ငံ RIA သတင်းဌာနမှာ ဖော်ပြပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လက်ရှိဖမ်းဆီးထားတဲ့ ရုရှားနိုင်ငံသားတွေ အပါအဝင် နိုင်ငံရပ်ခြား ဓားစာခံတွေ လွတ်မြောက်ရေး ဆွေးနွေးပွဲအတွက် ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ဟာ ကြာသပတေးနေ့က မော်စကိုကို ရောက်ရှိနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြပါတယ်။

ရုရှားဟာ အစ္စရေး၊ အီရန်၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ ဟားမတ်စ် အပါအဝင် အရှေ့အလယ်ပိုင်းရှိ အဓိကကျသူတွေနဲ့ ဆက်ဆံရေးတွေ ရှိထားပါတယ်။

မော်စကိုဟာ လက်ရှိအကျပ်အတည်းမှာ အမေရိကန်ရဲ့ သံတမန်ရေးရာ ပျက်ကွက်မှုအပေါ် အကြိမ်ကြိမ် အပြစ်တင်ခဲ့ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြေလည်မှုရရှိဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ဖို့ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ ကတော့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့တော်ကို ရောက်ရှိနေတဲ့အပေါ် ဝေဖန်လိုက်ပြီး ခုလို ခရီးသွားနေရမယ့် အချိန်အခါ မဟုတ်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

တကမ္ဘာလုံးက တခြားနိုင်ငံတွေအနေနဲ့လည်း အစ္စရေးတွေကို သတ်ဖြတ်ခဲ့တဲ့ ဟားမတ်စ်တွေရဲ့ စွမ်းရည်ကို ပံ့ပိုးပေးရမယ့်အချိန် မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013