
ဗင်နီဇွဲလားနိုင်ငံ တိုကူယီတိုအကျဉ်းထောင်တွင်းမှာ လူဆိုးဂိုဏ်းတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်နိမ်နင်းခဲ့ပြီးနောက် အကျဉ်းထောင်ဟာ အခုတော့ အစိုးရရဲ့ထိန်းချုပ်မှုအောက်ကို အပြည့်အ၀ ရောက်ရှိနေပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ အကျဉ်းထောင် ဝန်ကြီးဌာနရဲ့လက်ထဲမှာရှိနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
အကျဉ်းထောင်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တဲ့ လူဆိုးဂိုဏ်းကို နှိမ်နင်းဖို့ ဗင်နီဇွဲလားရဲတပ်ဖွဲ့ဟာ နိုင်ငံမြောက်ပိုင်းရှိ တိုကူယီတို အကျဉ်းထောင်ကို အောက်တိုဘာ ၂၅ ရက်က ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။
စီးနင်းတိုက်ခိုက်မှုအပြီးမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ အကျဉ်းခန်းတွေအတွင်းမှာ တပ်စွဲထားပြီး ဗလင်စီယာ အမျိုးသားအချုပ်ခန်း စင်တာထဲကနေ သိမ်းဆည်းရမိတဲ့ လက်နက်တွေကို ခင်းကျင်းပြသခဲ့ပါတယ်။
တိုကူယီတို အကျဉ်းထောင်ဟာ ဗင်နီဇွဲလားမှာ လူဦးရေအများဆုံး အကျဉ်းထောင်ဖြစ်ပြီး အကျဉ်းသား ၂၀၀၀ ကျော်ရှိကြောင်း နိုင်ငံရဲ့ လုံခြုံရေး၊ တရားရေးနဲ့ ငြိမ်းချမ်းရေးဝန်ကြီး ရယ်မီဂျီယို စယ်ဘာယော့စ်က ပြောကြားခဲ့ပါတယ်။
အကျဉ်းသားတွေရဲ့ ဆွေမျိုးတွေဟာ အကျဉ်းထောင်အပြင်ဘက်မှာ စုဝေးခဲ့ကြပြီး သူတို့ ချစ်ခင်ရသူတွေ တခြားအဆောက်အဦ နေရာတွေဆီ ပြောင်းရွှေ့ရခြင်း ရှိ မရှိ လာရောက်စုံစမ်းကြပါတယ်။
ဗင်နီဇွဲလားအစိုးရက တိုကိုရွန် အကျဉ်းထောင်မှာ ထရန်း-ဒီ-အာရာဂွာလို့ လူသိများတဲ့ အန္တရာယ်ကြီးတဲ့ ရာဇ၀တ်ဂိုဏ်းကို ဖြိုခွင်းနှိမ်နင်းခဲ့အပြီး တလမပြည့်ခင်မှာ နောက်ထပ် လူဆိုးဂိုဏ်းနှိမ်နင်းမှု စစ်ဆင်ရေးကို ထပ်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters










