DVB Logo
Home
မြန်မာသတင်း
အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခပေါ်မူတည်ပြီး အချိန်ပိုကြေး တွက်ပေးရမည်
DVB
·
October 24, 2023
အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခပေါ်မူတည်ပြီး အချိန်ပိုကြေး တွက်ပေးရမည်
Donate to DVB

စစ်ကောင်စီက အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာကို ၅,၈၀၀ ကျပ်အဖြစ် ပြင်ဆင်လိုက်တဲ့အတွက် အချိန်ပိုကြေးကိုလည်း ၅,၈၀၀ ပေါ်မူတည်ပြီး တွက်ချက်ပေးရမယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် အခြေခံလုပ်အားခ တရက် ငွေကျပ် ၄၈၀၀ ကနေ ၅,၈၀၀ နှုန်းထားအဖြစ် တိုးမြှင့်ပြင်ဆင် သတ်မှတ်လိုက်ကြောင်း အောက်တိုဘာ ၉ ရက်က စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားအဆင့် ကော်မတီအနေနဲ့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အောက်တိုဘာလကစလို့ အလုပ်သမားတွေဟာ အနိမ့်ဆုံး တရက်လုပ်အားခ ၅,၈၀၀ ပမာဏ ရရှိမှာဖြစ်ပြီး အလုပ်သမားတွေအတွက် အချိန်ပိုကြေးကိုလည်း ၅,၈၀၀ ပေါ်မူတည်ပြီး တွက်ချက်ပေးရမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။

အနိမ့်ဆုံး လုပ်ခလစာ ၅,၈၀၀ ပြောင်းလဲသွားပေမဲ့ လက်ရှိကုန်ဈေးနှုန်းအရ အလုပ်သမားတွေအတွက် တိုးတက်မှု တစုံတရာပြတဲ့ လုပ်ခလစာ မဟုတ်ဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။

STUM - သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက “ဒါကို အနိမ့်ဆုံး လုပ်ခလစာလို့ သတ်မှတ်တယ်ဆိုရင် အိုတီကို ၅,၈၀၀ နဲ့ပဲ တွက်ရမှာ။ လုပ်ခလစာတော့ အနည်းငယ်တော့ ပြောင်းလဲသွားတာပေါ့။ ဒါပေမဲ့ တခုပြောချင်တာက လုပ်ငန်းရှင်လေ၊ အလုပ်သမားမှ မဟုတ်တာ၊ တွက်ချက်မှုပုံစံက ဘာလဲဆိုတာကို နားလည်ထားပြီးသား။ ၅,၈၀၀ နဲ့ အိုတီကြေး ပေးထားတာဆိုရင် ဘယ်နေရာမှာ ပေးထားတာကို ဘယ်လိုရွှေ့ရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဒီထုတ်လုပ်ရေးကို ဘယ်လိုယူရမယ်ဆိုတာ လုပ်ငန်းရှင်တွေက နားလည်ထားပြီးသားလေ။ အလုပ်သမားတွေအတွက်ကတော့ ပိုထူးလာတဲ့ရလဒ် မဟုတ်ပါဘူးရှင့်။ ကျမကတော့ ဒါကို ကောင်းကောင်းကြီး အာမခံပြီး ပြောရဲတယ်။ ၅,၈၀၀ က အလုပ်သမားတွေအတွက် တိုးတက်မှု တစုံတရာပြမယ့် လုပ်ခလစာမဟုတ်ဘူး ဆိုတာကိုပဲ ကျမ မှတ်ချက်ပေးပါရစေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်တယ်လို့ ကြေညာထားပေမဲ့ တရက်လုပ်အားခ ၄,၈၀၀ ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ် ထပ်မံခံစားခွင့်ပြုတာလို့ သုံးနှုန်းထားပါတယ်။

ဒီအသုံးအနှုန်းကြောင့် အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက စစ်ကောင်စီရဲ့ မရှင်းလင်းတဲ့ ကြေညာချက်အပေါ် ပြတ်ပြတ်သားသား ထုတ်ပြန်ပေးဖို့ လိုတယ်လို့ ဝေဖန် ပြောဆိုနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့မှာ အလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲ့တွေက အနိမ့်ဆုံးလုပ်ခလစာကို ၁၀,၀၀၀ ကျပ်အထိ ပြင်ဆင်ပြဋ္ဌာန်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံကုန်ဈေးနှုန်းဟာ ၅ နှစ်အတွင်း ၅ ဆ တက်လာတဲ့အတွက် အလုပ်သမားတွေဟာ ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာ ရသင့်တယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က “တိုးမြှင့်လိုက်တဲ့ အနိမ့်ဆုံး လုပ်ခလစာရဲ့ နှုန်းထားအပေါ်မှာ အလုပ်သမားတွေက အဲ့ဒီနှုန်းထားအတိုင်း တွက်ချက်ထားတဲ့ အိုတီကြေး အပြည့်အဝကို ခံစားခွင့် ရှိကိုရှိရမှာ ဖြစ်တယ်။ ၂၀၁၈ မှာ ထုတ်ပြန်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာသည် ၂၀၂၃ မှာဆို ၅ နှစ်တာကာလ ရှိပြီပေါ့နော်။ ၅ နှစ်တာကာလမှာ ကုန်ဈေးနှုန်းတွေက ၅ ဆလောက် မြင့်နေတယ်။ မြင့်နေတဲ့အတွက် ကျမတို့အဖွဲ့ချုပ်အနေနဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်အားခကို ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာ ရဖို့အတွက် မေဒေးတွေတိုင်းမှာ တောင်းဆိုတယ်။ အခုနှုန်းထားကလည်း အလုပ်သမားတွေအတွက် လုံးဝ ဖူလုံတဲ့နှုန်းထား မဟုတ်ဘူးဖြစ်တယ်။ အလုပ်သမားတွေအတွက်လည်း ဘယ်လိုမှ လောက်ငတဲ့နှုန်းထား မဟုတ်ဘူး။ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရက်လုပ်အားခ ငွေကျပ် ၄,၈၀၀ ကို ၂၀၁၈ ခုနှစ်က ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပြီး အနိမ့်ဆုံးလုပ်အားခကို အနည်းဆုံး ၂ နှစ်တကြိမ် ပြင်ဆင်ရမယ်လို့ ဥပဒေ ပြဋ္ဌာန်းထားပေမဲ့ ၅ နှစ်ကျော်ကြာမှ အခုလို ၁,၀၀၀ ကျပ်နှုန်း တိုးမြင့်လာတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ အလုပ်စေခိုင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေတာ တွေ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က အောက်တိုဘာလအတွင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013