DVB Logo
Home
မြန်မာသတင်း
မတ်ပဲ၊ ကုလားပဲနှင့် နှမ်းမျိုးစုံ အဝယ်လိုက်ပြီး ဈေးမာနေ
DVB
·
October 21, 2023
မတ်ပဲ၊ ကုလားပဲနှင့် နှမ်းမျိုးစုံ အဝယ်လိုက်ပြီး ဈေးမာနေ
1 / 3
Donate to DVB

ဒီတပတ်ထဲမှာတော့ မြန်မာ့မတ်ပဲဈေးဟာ စံချိန်တင် အမြင့်ဆုံးဈေးတန်းမှာ ဆက်ရှိနေသလို ကုလားပဲဈေးနှုန်းလည်း မြင့်တက်နေဆဲဖြစ်ပြီး နှမ်းမျိုးစုံလည်း ဈေးပြန်မြင့်တက်ပြီး အရောင်းအဝယ်သွက်လာပါတယ်။

မတ်ပဲ

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) တတန်ပေါက်ဈေးက ၂,၆၅၅,၀၀၀ ကျပ်ထိ‌ ရောက်ရှိနေပြီး လဆန်းပိုင်း ပေါက်ဈေးကနေ တတန်ကို ၁၅၀,၀၀၀၊ ၂၀၀,၀၀၀ ဝန်းကျင်ထိ ဈေးမြင့်လာခဲ့ပါတယ်။

ပဲကုန်သည်တယောက်က “မတ်ပဲက အိန္ဒိယ ဝယ်လိုအားရှိတော့ ဈေးက ဆက်တိုက် တက်လာတယ်။ ဒီကနေ့ နည်းနည်းတော့ပြန်ကျပေမဲ့ အမြင့်ဈေးမှာပဲ ဆက်ရှိ နေသေးတယ်” လို့ ပြောပါတယ်။

မြန်မာ့ပြည်တွင်း မတ်ပဲဈေးက ဆက်တိုက်မြင့်တက်လာသလို အိန္ဒိယမှာလည်း ပြည်တွင်းထွက် မတ်ပဲအသစ်‌တွေအဝင်ရှိနေပြီး မြန်မာနိုင်ငံက တင်ပို့တဲ့ မတ်ပဲတွေလည်း ဈေးကွက်ထဲ တောက်လျှောက် အဝင်ရှိနေပေမဲ့ ဝယ်လိုအားကောင်းပြီး ဈေးနှုန်းလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

မြန်မာ့မတ်ပဲ အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ရာသီဥတုအပြောင်းအလဲ တွေကြောင့် မတ်ပဲသီးနှံစိုက်ပျိုးရာမှာ အခက်အခဲတွေရှိခဲ့ပြီး သီးနှံအရည်အ‌သွေးနဲ့ အထွက်နှုန်း မနှစ်ကထက် လျော့ကျခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အခုနှစ်က ပဲမျိုးစုံအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့မှု ကွင်းဆက်တလျှောက် ကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်နေပြီး နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပဲစိုက်ဧကတွေလည်း လျော့ကျခဲ့ပါတယ်။

လက်ရှိမှာ အထွက်နှုန်း လျော့ကျမှုနဲ့အတူ လက်ကျန်လျော့နည်းလာတဲ့ မြန်မာ့ မတ်ပဲဟာ အမြင့်ဆုံး ဈေးတန်းကို ရောက်ရှိနေတာပါ။

မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့ကို အဓိက အများဆုံးစိုက်ပျိုးပြီး အိန္ဒိယကို မတ်ပဲနဲ့ ပဲစင်းငုံ ၈၅ ရာခိုင်နှုန်းထိ တင်ပို့နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိန္ဒိယအစိုးရက ပဲလိုအပ်ချက် များပြားနေတဲ့ အခြေအနေကြောင့် ခွဲတမ်းစနစ်ကို ပယ်ဖျက်ထားပြီး မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း သုံးမျိုးကို အကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကို ၂၀၂၄ ခုနှစ် မတ်လကုန်အထိ မတ်ပဲ၊ ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့် ရရှိထားတာပါ။

ကုလားပဲဈေးနှုန်း မြင့်တက်နေဆဲ

ကုလားပဲဈေးကလည်း ပြည်ပကနေဝင်နေတာကြောင့် အမြင့်ဈေးနဲ့ မာနေပြီး အတက်အကျ နည်းနည်းပဲရှိနေတယ်လို့ ကုလားပဲရောင်းဝယ်သူ ကုန်သည်တွေဆီကနေ သိရပါတယ်။

ပေါင်းတည်ဘက်က ကုလားပဲကုန်သည်တယောက်က “ကုလားပဲကတော့ လုံးဝ ဒီဈေးနဲ့ပဲ ငြိမ်နေမယ့်အခြေအနေ ရှိပါတယ်။ ဘာလို့ဆို အင်ဒိုကနေ ပြန်သွင်းနေတာ ဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ ပဲတွေများနေတယ်။ ပဲများပေမဲ့လည်း ပြည်တွင်း ကုလားပဲက စားသုံးတာများတော့ မျှနေတာပေါ့၊ လက်ကျန်တွေလည်း မရှိတော့ ဈေးက မာနေတာ” လို့ ပြောပါတယ်။

လက်ရှိ ကုလားပဲပေါက်ဈေးက အမျိုးအစားအလိုက် ကျပ် ၂၆၃,၀၀၀ ကနေ ၂၇၅,၀၀၀ ကြား ရှိနေပြီး နေ့စဉ် ထောင်ဂဏန်းလောက်သာ အတက်အကျ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်က ပြည်တွင်းကုလားပဲထွက်နှုန်း နည်းခဲ့တဲ့အတွက် တအိတ်ကို အမြင့်ဆုံး ၂ သိန်း အထက်ရှိခဲ့ပြီး ပြည်တွင်း ဈေးမြင့်တက်နေတဲ့အတွက် ပြည်ပကနေ ပြန်လည် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ နှစ်စဉ်ပဲစိုက်ဧက ၁၁ သန်းကျော်ရှိပြီး ကုလားပဲက ၈ ရာခိုင်နှုန်းကျော် ထွက်ရှိကာ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတို့မှာ အများဆုံး စိုက်ပျိုးတယ်လို့ သိရပါတယ်။

ကုလားပဲက  ပြည်တွင်းစားသုံးမှုရှိတဲ့အပြင် တပ်ရိက္ခာလည်းသုံးသလို ပါကစ္စတန်၊ အိန္ဒိယတို့ကလည်း ဝယ်ယူမှုရှိနေလို့ ဝယ်လိုအားကောင်းတယ်လို့ မန္တလေးမြို့ ကုလားပဲ ဈေးကွက်ကနေ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံတင်ပို့မှု အခြေအနေကတော့ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့မှုရှိခဲ့ပါတယ်။ အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း တန်ချိန် ၈ သိန်းကျော် ၉ သိန်းနီးပါး တင်ပို့ထားပြီး မတ်ပဲတင်ပို့မှုက တန်ချိန် ၄ သိန်းဝန်းကျင် ရှိပါတယ်။

နှမ်းမျိုးစုံ ဈေးပြန်မြင့်တက်ပြီး အရောင်းအဝယ်သွက်လာ

မိုးနှမ်းအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပေမယ့် တရုတ်လိုင်း ဝယ်လက်တွေအပြင် ပြည်တွင်း ပွဲရုံတွေကပါ ဝယ်ယူတာများလာလို့ နှမ်းမျိုးစုံ ဈေးပြန်မြင့်တက်လာတယ်လို့ ပဲနှမ်းကုန်သည်တွေဆီက သိရသည်။

နှမ်းမျိုးစုံ ဈေးတွေအ‌နေနဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မန္တလေးကုန်စည်ဒိုင် ဈေးကွက် ပေါက်ဈေးအရ ၄၅ ပိဿာဝင် တအိတ်ကို ကျပ် ၁၉၅,၀၀၀ ကနေ ၃၈၅,၀၀၀ ကျပ်အထိ အ‌ရည်အသွေးနဲ့ အမျိုးအစားအပေါ်မူတည်ပြီး ဈေး‌ရနေပါတယ်။

ပွဲရုံလုပ်ငန်းရှင် တယောက်က "အဝယ်တွေ ပြန်ကောင်းလာတယ်။ တရုတ် ဝယ်လက်ရော၊ ပွဲရုံသမားတွေပါ အဝယ်လိုက်လာပြီး ဈေးပြန်ခုန်တက်လာတယ်" လို့ ပြောပါတယ်။

လတ်တလော မန္တလေး နှမ်းမျိုးစုံဈေးကွက်မှာ အဝယ်လိုက်လာတဲ့ နှမ်းနက်(စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၉၀,၀၀၀ ကနေ ၃၆၅,၀၀၀ ကျပ်အ‌ထိ ဈေးရရှိနေတယ်လို့ သိရပါတယ်။

တခြား အမျိုးအစားတွေဖြစ်တဲ့ နှမ်းဖြူ (ဂျပန်)က ၄၅ ပိဿာတအိတ်ကို ငွေကျပ် ၃၇၃,၀၀၀ ကနေ ၃၈၅,၀၀၀ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) တအိတ်က ၃၆၀,၀၀၀ ကနေ ၃၈၅,၀၀၀ ကျပ်၊ နှမ်းညို(အသစ်)က ငွေကျပ် ၂၉၀,၀၀၀၊ နှမ်းနိက တအိတ်ကို ငွေကျပ် ၃၂၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေပါတယ်။

ပြည်တွင်း နှမ်း‌ရောင်စုံ ပေါက်ဈေးတွေဟာ အရင်က တရုတ်က ဝယ်တာနည်းပြီး ဈေးအေးနေရာကနေ အခုအခါ အဝယ်ပြန်လိုက်လာပြီး အမျိုးအစားအလိုက် တအိတ်ကို ငွေ ကျပ် ၅,၀၀၀ ကနေ ၂၀,၀၀၀ ကျပ်ထိ ရက်ပိုင်းအတွင်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့နှမ်းကို တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကို အများဆုံး တင်ပို့နေတာ ဖြစ်ပြီး နှမ်းနက်ကိုတော့ တရုတ်နိုင်ငံ အဓိက အများဆုံး ဝယ်ယူနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013