
စပိန်ရဲတပ်ဖွဲ့ဟာ ဘာစီလိုနာရှိ မှောင်ခိုဂိုဏ်းကွင်းဆက်ကို ဖြိုခွင်းနှိမ်နင်းရာမှာ လူ ၁၃ ဦးကို ဖမ်းဆီးမိပြီး အဓိကအားဖြင့် စျေးကြီးတဲ့မျိုးစိတ်တွေထဲက ခွေးပေါက်၊ ကြောင်ပေါက်လေးတွေ အပါအဝင် တိရစ္ဆာန် အကောင် ၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်တဦး ပါဝင်နေတဲ့ မှောင်ခိုဂိုဏ်းဟာ အိမ်မွေးတိရစ္ဆာန်တွေကို အရှေ့ဥရောပသမဂ္ဂနိုင်ငံတွေကနေ မှောင်ခိုကူး ဝယ်ယူထားတာဖြစ်ပြီး တရားမဝင် အိမ်မွေးတိရစ္ဆာန်ခြံတွေမှာ မွေးမြူထားပြီး လူမှုကွန်ရက်တွေမှာ တရားမဝင် ဝယ်ယူရကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စပိန်ရဲတပ်ဖွဲ့ဟာ အင်တာပိုလ် - နိုင်ငံတကာ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ အန်ဒိုရန် ဒေသရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ မှောင်ခိုဂိုဏ်းခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ စပိန်နိုင်ငံတွင်းနဲ့ ပြည်ပခရီးသွားလာမှုတွေမှာ လိုအပ်တဲ့ ငွေကြေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေကို တားဆီး ထိန်းချုပ်လိုက်ပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိတွေဟာ နေအိမ်တွေ၊ တိရစ္ဆာန်ဆေးကုစင်တာတွေနဲ့ အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တွေကို ဝင်ရောက်စီးနင်းကာ လူတွေကို ဖမ်းဆီးပြီး သီးခြား လှောင်အိမ်တွေထဲမှာ ထည့်သွင်းထားတဲ့ တိရစ္ဆာန်တွေကို ယူဆောင်သွားပုံတွေကို စက်တင်ဘာ ၂၀ ရက်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ပြသခဲ့ပါတယ်။
Source/Photo-Reuters