DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် အချိန်မတန်သေးဘဲ ချင်း(ဂျင်း)များတူးနေရသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
October 20, 2023
ပင်လောင်းတွင် အချိန်မတန်သေးဘဲ ချင်း(ဂျင်း)များတူးနေရသဖြင့် တောင်သူများ အခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသမှာ မိုးများတဲ့အတွက် စိုက်ပျိုးထားတဲ့ ချင်း(ဂျင်း)တွေကို အချိန်မတန်သေးဘဲ တူးနေရပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ‌‌တောင်သူတွေက ပြောပါတယ်။

ချင်း(ဂျင်း)တွေ စိုက်ပျိုးထားတဲ့ မြေနိမ့်ပိုင်းနဲ့ လယ်ကွင်းတွေမှာ တောင်ကျရေကြောင့် ချင်း(ဂျင်း)ခြံတွေ ရေမြုပ်နေပြီး ချင်း(ဂျင်း)တွေ ပုပ်ကုန်မှာစိုးတဲ့အတွက် အချိန်မတန်သေးဘဲ အရှုံးခံ တူးနေရပါတယ်။

ချင်း(ဂျင်း) စိုက်ပျိုးသူ ဒေါ်နန်းခမ်းက “မိုးများတော့ ဘာမှမတတ်နိုင်ဘူး။ ခုက ချင်း(ဂျင်း) ဈေးလည်း တပိဿာ ၁,၅၀၀၊ ၁,၆၀၀ ပဲရှိတာ၊ တောင်ကျရေက ခဏခဏဝင်နေတော့ ပုပ်သွားမှာကြောက်တာကြောင့် တူးနေရတာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ချင်း(ဂျင်း)အချိန် ၁,၀၀၀ ခန့် စိုက်ပျိုးရာမှာ မျိုးဖိုး၊ မြေဩဇာဖိုးနဲ့ လူငှားခ စုစုပေါင်း သိန်း ၂၀ နီးပါးခန့် ကုန်ကျခဲ့ပြီး အချိန် ၃,၀၀၀ ခန့် ပြန်လည်ရရှိပေမဲ့ ဈေးမရှိတဲ့အတွက် အရင်းတောင် ပြန်ရဖို့မလွယ်ကြောင်း သူက ဆက်ပြောပါတယ်။

ပွဲရုံတွေမှာ ချင်း(ဂျင်း) တပိဿာ ၇,၀၀၀၊ ၈,၀၀၀ အထိ ရရှိပေမဲ့ စိုက်ပျိုးတောင်သူတွေကတော့ တပိဿာ ၁,၅၀၀၊ ၂,၀၀၀ သာ ရရှိကြောင်း သိရပါတယ်။

ချင်း(ဂျင်း)စိုက်ပျိုးသူ ခွန်လာလေကလည်း “ခုက နိုင်ငံရေးလည်း မကောင်းဘူး။ ဂိတ်တွေမှာလည်း ပိုက်ဆံတွေ အရမ်းတောင်းတော့ တောင်သူက မြို့တက်ပြီး ကုန်စိမ်းတွေ မရောင်းရဲကြ‌‌ေတာ့ဘူး။ တောင်သူတွေက ရွာအထိလာဝယ်တဲ့ ပွဲစားဆီ ရောင်းတာများတယ်။ ဈေးကတော့ အရမ်းအနှိမ်ခံရတာပေါ့” လို့ ပြောပါတယ်။

ပင်လောင်း၊ နောင်တရားဒေသမှာ အခုနှစ် မိုးကြီးတဲ့အတွက် တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းမှာ ရေဝပ်နေပြီး ချင်း(ဂျင်း)အပြင် တောင်သူတွေ စိုက်ပျိုးထားတဲ့ ပြောင်း၊ ခရမ်းချဉ်ပင် စတဲ့ စိုက်ပျိုးရေးခြံတွေမှာလည်း ရေမြုပ်ပြီး ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ချင်း(ဂျင်း)ကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်‌လောင်း၊ နောင်တရား၊ တီကျစ်ဒေသတွေမှာ အများဆုံး စိုက်ပျိုးကြပြီး ပြည်တွင်းမှာပဲ ရောင်းချကြကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013