DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် လျှပ်စစ်မီး ၁ နာရီခန့်သာရရှိသဖြင့် တပိုင်တနိုင်လုပ်ငန်းများ အခက်ကြုံ
DVB
·
October 19, 2023
ဘားအံတွင် လျှပ်စစ်မီး ၁ နာရီခန့်သာရရှိသဖြင့် တပိုင်တနိုင်လုပ်ငန်းများ အခက်ကြုံ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လျှပ်စစ်မီး ၁ နာရီလောက်သာရရှိတာကြောင့် တပိုင်တနိုင်လုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ခံရပြီး အချိန်ပိုင်းလောက်သာ လျှပ်စစ်မီးဖြန့်ဝေနေတာကြောင့် ပြည်သူတွေအခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာ ‌A B C သတ်မှတ်ပြီး ၁ ရက် ၂ ကြိမ်၊ ၁ ကြိမ်ကို ၂ နာရီ လျှပ်စစ် မီးဖြန့်ဖြူးနေရာက အောက်တိုဘာလကစတင်ပြီး ၁ ကြိမ်ကို ၁ နာရီပဲရရှိတော့တဲ့အတွက် လျှပ်စစ်မီး အားထားလုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေအားလုံး အရှုံးတွေနဲ့ရင်ဆိုင်နေရတယ်လို့ စီးပွားရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

စားသောက်ဆိုင်နဲ့ အလှပြင်ဆိုင် လုပ်ငန်းရှင်တဦးက "မီးနဲ့ပတ်သက်တဲ့ အရာအားလုံးဒုက္ခရောက်တယ်။ မီးစက်တွေ သွားဝယ်ရတယ်။ နောက်ပြီး ဒီဇယ်တွေ ဓာတ်ဆီတွေ ဈေးကြီးတဲ့အခါကျတော့ အရှုံးပေါ်တယ်။ မီးနဲ့ပတ်သက်တာတွေ ရှောင်ပြီးလုပ်နေရတယ်" လို့ ပြောပါတယ်။

နိုင်ငံရေးအခြေအနေ၊ လျှပ်စစ်မီးပြတ်တောက်တာ၊ စက်သုံးဆီဈေးကြီးမြင့်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေကြောင့် ဘားအံမြို့စက်မှုဇုန်မှာရှိတဲ့ စက်ရုံကြီးတွေအပါအဝင် တပိုင်တနိုင် လုပ်ငန်းလုပ်ကိုင်သူတွေဟာ လုပ်ငန်းလည်ပတ်ရာမှာ အရှုံးပေါ်တာကြောင့် စက်ရုံတချို့ ရပ်နားလိုက်ရတာတွေ ရှိပါတယ်။

အဲဒီလို စက်ရုံတွေ ရပ်နားလိုက်ရတဲ့အတွက် အလုပ်သမားတချို့ဟာ ပြည်ပသွားရောက်လုပ်ကိုင်သူရှိပြီး လုပ်သမားအများစုဟာ အလုပ်လက်မဲ့တွေနဲ့ ရင်ဆိုင်နေရပြီး တပိုင်တနိုင် လုပ်ကိုင်သူတွေအနေနဲ့ အဆင်ပြေရုံလည်ပတ်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

လုပ်ငန်းရှင်တဦးက "အဆင်ပြေသလိုပဲ လုပ်နေရတယ်။ ရှိတဲ့ အလုပ်သမားတွေနဲ့ ကိုယ်မိသားစု စားဝတ်နေရေးအတွက် ဦးစားပေးပြီးလုပ်တယ်။ ကျန်တဲ့အခါ ကျန်တယ်။ စားဖို့လောက်ပဲ ရတယ်။ အဆင်ပြေသလို လုပ်နေရတယ်" လို့ ပြောပါတယ်။

ဒါအပြင် လူမှုကူညီရေးလုပ်ဆောင်နေတဲ့ လူမှုကူညီရေးအသင်းတွေဟာ အရေးပေါ်ကယ်ဆယ်ရေး အတွက် အောက်စီဂျင်ထုတ်လုပ်ရာမှာ လျှပ်စစ်မီးကိုအားထားလုပ်ကိုင်နေရတာဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်တာတွေကြောင့် အခက်အခဲတွေရှိတယ်လို့ လူမှုကူညီအသင်းတွေက ပြောပါတယ်။

အာဏာမသိမ်းခင်က ကရင်ပြည်နယ်အတွင်း နိုင်ငံသားပိုင်စက်ရုံအလုပ်ရုံ ၅၀၀ ကျော်၊ နိုင်ငံခြားသားပိုင် စက်ရုံ ၃ ရုံရှိပြီး အလုပ်သမားပေါင်း ၆၅၀၀ ကျော် ဝင်ရောက်အလုပ်လုပ်နေပါတယ်။

အခု နိုင်ငံခြားသားပိုင် စက်ရုံ ၃ ရုံ လုံးဝပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၆၅၀၀ ကျော်ဟာ အလုပ်ရပ်နားခဲ့ရသလို တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေပါ ရပ်နားခဲ့ရတဲ့အတွက် အခြေခံလူတန်းစားတွေဟာ အလုပ်လက်မဲ့နှုန်းမြင့်တက်လာပြီး နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013