
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းက ဟိုတယ်တွေမှာ သီတင်းကျွတ် ပိတ်ရက်အတွက် အခန်းကြိုတင်မှာယူမှုတွေကြောင့် အခန်းအားလုံး ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) ကနေ သိရပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာ ဟိုတယ် ၈၁ လုံးနဲ့ မိုတယ်၊ တည်းခိုခန်းတွေလည်း ရှိပြီး သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ကြိုတင်မှာယူထားသူတွေရှိတာကြောင့် အခန်းတွေအားလုံး ပြည့်နေကြောင်း ပုဂံယဥ်ကျေးမှုနယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ တည်းခိုခန်းပိုင်ရှင်တဦးက ပြောပါတယ်။
“ဟိုတယ်တွေမှာက ကြိုတင်ဘိုကင်ချိတ်ထားတဲ့သူတွေက များတော့ အားလုံးနီးပါး ပြည့်သွားတဲ့ သဘောပါ။ မနေ့ကအထိ ကျနော်တို့တည်းခိုခန်းတွေကိုပါ ဖုန်းဆက်ပြီး အခန်းကြိုချိတ်နေကြတာ။ ကျနော်တို့မှာလည်း လပြည့်နေ့အတွက် အခန်းက အလွတ်မရှိတော့ဘူး။ နိုင်ငံရေးကမကောင်း ဘုရားပွဲတွေလည်း မလုပ်ရတော့ လူတွေလည်း တော်တော်စိတ်မွန်းကြပ်နေကြလို့ ဒီနှစ်မှာ အခုလို လာပြီး အပန်းဖြေကြတယ်လို့ ထင်ပါတယ်။”
နှစ်စဥ် သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း တရက်ကို ဘုရားဖူး ၅၀၀၀၀ ကျော်မှ ၁ သိန်းခွဲကျော်အထိ လာရောက်လေ့ရှိရာ ပုဂံ-ညောင်ဦးမှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၈၁ လုံးမှာ အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကြိုတင်ချိတ်ဆက် မှာယူထားမှုတွေ ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရပါတယ်။
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေကို လာရောက်သူတွေအနေနဲ့ ရှေးဟောင်းယဥ်ကျေးမှု နယ်မြေထဲက သမိုင်းဝင် အထင်ကရ ဘုရားတွေ ဖူးမြော်တာ၊ နံရံဆေးရေးပန်းချီတွေ လေ့လာတာ၊ အလှဓာတ်ပုံရိုက်ကူးတာ၊ လက်ဆွဲပန်းချီဆွဲတာ၊ မြင်းလှည်းစီးတာ၊ E-Bike အဖွဲ့လိုက် ငှားစီးတာတွေနဲ့ ပုဂံဒေသရဲ့ အထင်ကရဖြစ်တဲ့ နေဝင်ချိန် စောင့်ဆိုင်းတာတွေကို ပြုလုပ်တတ်ကြကြောင်း သိရပါတယ်။










