
ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ဟာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်ပြီး ရုရှားသမ္မတဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံတဲ့အပြင် တရုတ်အပါအဝင် တခြားနိုင်ငံ့ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာကျင်းပတဲ့ BRF ( Belt and Road Forum for International Cooperation) ဆွေးနွေးပွဲကို တက်ရောက်ဖို့ရောက်ရှိနေတာဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီလောက်မှာ ရုရှားသမ္မတပူတင်နဲ့ သီးသန့် တွေ့ဆုံခဲ့တာပါ။
ဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံခေါင်းဆောင်ဟာ ထိုင်းနဲ့ ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံရေး၊ ပညာရေး၊ လုံခြုံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုကိစ္စတွေပါ ဆွေးနွေးဖလှယ်ခဲ့ပါတယ်။
ရုရှား သမ္မတပူတင်က ထိုင်းနဲ့ ရုရှားနှစ်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပြီး မနှစ် ၂၀၂၂ ခုနှစ်ကလည်း နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး နှစ်ပေါင်း ၁၂၅ နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့တယ်၊ ရှေ့ဆက်လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ကလည်း ရုရှားနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံ စိုက်ပျိုးရေးထွက်ကုန်နဲ့ သားငါးထွက်ကုန်တွေကို ပိုမိုအားပေးဝယ်ယူဖို့၊ ရုရှားလုပ်ငန်းရှင်တွေအနေနဲ့ ထိုင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့၊ သမ္မတပူတင်ကိုလည်း ထိုင်းနိုင်ငံကို အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ရုရှားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ပျှမ်းမျှ ၁ နှစ်ကို ၁ သန်း လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားလုပ်ငန်း ပိုမိုတွင်ကျယ်စေဖို့ ရုရှားနိုင်ငံသားတွေကို အရင်က အလည်အပတ် ဗီဇာ ရက် ၃၀ ပေးရာကနေ ရက် ၉၀ ရက်အထိ တိုးပေးသွားမယ့်အကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၂၄ ခုနှစ်မှာ ထိုင်းနဲ့ ရုရှား ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုဖလှယ်ရေး အတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံကို အလည်လာဖို့ ထိုင်းဝန်ကြီးချုပ်က ဖိတ်ခေါ်တဲ့အပေါ်မှာ ရုရှားသမ္မတ ပူတင်က ဝမ်းမြောက်စွာကြိုဆိုပြီး ခေါင်းဆောင်နှစ်ဦးဟာ မနေ့ညက တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဇနီးဖြစ်သူတို့ တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို အတူတက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် ဆေထာထဝီးဆင်ဟာ တရုတ်နိုင်ငံက လျှပ်စစ်ရထားကုမ္ပဏီ၊ AI ကုမ္ပဏီ၊ တယ်လီဖုန်းကုမ္ပဏီ၊ လာဇဒါအွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီ၊ စွန့်ပစ်ပစ္စည်းသန့်စင်ရေးကုမ္ပဏီ၊ အီလက်ထရောနစ်ကုမ္ပဏီတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး ထိုင်းနိုင်ငံရဲ့ အသေးစားလုပ်ငန်းတွေ မြှင့်တင်ဖို့ ဒီထက် ပိုမိုလာရောက်ရင်းနှီးလုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: DailyNews










