DVB Logo
Home
မြန်မာသတင်း
မဟာချိုင်ရောက်  မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီ ပထမဆုပေါက် 
DVB
·
October 17, 2023
မဟာချိုင်ရောက်  မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီ ပထမဆုပေါက် 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ မဟာချိုင်က မြန်မာရွှေ့ပြောင်းလုပ်သား တယောက် အောက်တိုဘာ ၁၆ ရက် မနေ့ကထွက်သွားတဲ့ ထိုင်းထီပေါက်စဉ်မှာ ပထမဆုပေါက်သွားတယ်လို့ ရွှေ့ပြောင်းအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ (MHAC )က ပြောပါတယ်။

အဆိုပါအလုပ်သမားဟာ အသက် ၂၆ နှစ်ရွယ် လူရွယ် ၁ ဦးဖြစ်ပြီး ထိုင်းနိုင်ငံ မဟာချိုင် ဘန့်ဖြောက်အချိုရည်စက်ရုံမှာ အလုပ်လုပ်နေကြောင်း မနေ့က ထွက်သွားတဲ့ အကြိမ် ၄၀ မြောက်  ပထမဆု ပေါက်ဂဏန်း  ၉၃၁၄၄၆ ကို ပေါက်ခဲ့လို့ ဆုငွေ ဘတ် ၆ သန်းကူထုတ်ပေးဖို့  ဒီမနက် အကြောင်းကြားလာတယ်လို့ MHAC မဟာမိတ်အဖွဲ့စီမံအုပ်ချုပ်သူ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူ ထိုင်းထီပထမဆုပေါက်တဲ့အကြောင်း ကနေ့မနက် အကြောင်းကြားလာလို့ ဆုငွေတွေ အဆင်ပြေစွာထုတ်နိုင်ဖို့ လိုက်လုပ်ပေးနေပါတယ်ခင်ဗျ။ ထီပေါက်တာနဲ့ ချက်ချင်း သူ့ကိုသွားကြိုလာပြီး ဘေးကင်းလုံခြုံတဲ့တစ်နေရာမှာ နေရာချထားပေးပါတယ်။ သူက ထီကို ပုံမှန်ထိုးတာတော့မဟုတ်ဘူး။ ကြုံရင်လည်း ထိုးလိုက်တာပဲ။ အခုလည်း သွားရင်းလာရင်း လမ်းမှာ ထီရောင်းသမားနဲ့တိုးလို့  တစောင်ဝယ်လိုက်တာလို့ ပြောတယ်။”

ထီပေါက်သူလူရွယ်ဟာ မြန်မာပြည် ပဲခူးတိုင်းဇာတိဖြစ်ပြီး အိမ်ထောင်မရှိသေးဘဲ မိဘတွေကို လုပ်ကျွေးနေသူဖြစ်ကြောင်း၊ မိဘနှစ်ပါးကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ဖို့ အမြဲဆန္ဒရှိရာမှာ အခုတော့ ဆန္ဒပြည့်သွားပြီး ဆုငွေတွေထုတ်ပြီးရင် မြန်မာပြည်ပြန်ကာ မိဘတွေနဲ့ အတူနေမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့အပတ် အောက်တိုဘာ ၁ ရက်ကလည်း ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသ ခွန်ကဲန်မြို့နယ်မှာ အလုပ်သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံ ထိုင်းထီ ပထမ ဆုပေါက်လို့ MHAC အဖွဲ့အနေနဲ့ ဆုငွေသွားထုတ်ကူခဲ့ပါတယ်။ 

သူတို့ထီပေါက်တဲ့အကြောင်း ဟိုးလေးတကြော်ဖြစ်သွားလို့ အလုပ်ရှင်က ဆုငွေကို အတင်းထုတ်ပေးမယ် လုပ်နေတာကြောင့် MHAC အဖွဲ့ဆီ ထွက်ပြေးလာကြောင်း၊ အဖွဲ့က ဆုငွေထုတ်ပေးပြီး အခုတော့ ဇာတိရပ်မြေ ရှမ်းပြည်ကို ပြန်သွားကြပြီလို့ ဆိုပါတယ်။ 

သူ့အနေနဲ့ အလုပ်သမားကူညီစောင့်ရှောက်ရေးလုပ်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလတွင်း ထိုင်းထီပထမဆု ရတဲ့ မြန်မာလုပ်သား စုစုပေါင်း ၄၈ ဦးကို ဆုငွေကူထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ အခုလို ပထမဆုပေါက်ရင် ငွေလိမ်လိုသူ၊ မျှယူလိုသူ အချောင်သမားတွေနဲ့လည်း ကြုံရလေ့ရှိလို့ ထီပေါက်တယ်ဆိုရင် ဘယ်သူမပြောသေးဘဲ မိမိစိတ်ချ ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေနဲ့ အရင်ဆက်သွယ်သင့်တယ်လို့ ကိုရဲမင်းက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013