အစ္စရေးရဲ့ ၇၅ နှစ်ကြာ သမိုင်းအတွင်း တရက်တည်းမှာ လူအသေအပျောက် အများဆုံးနေ့ ဖြစ်ခဲ့တဲ့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁,၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ နေ့အပြီးမှာ နည်းပညာကဏ္ဍက စေတနာ့ဝန်ထမ်း အယောက် ၄၅၀ ဟာ သူတို့ရဲ့ ပုဂ္ဂလိကကဏ္ဍက အလုပ်တွေကို ဘေးဖယ်ထားပြီး ပျောက်ဆုံးနေသူတွေကို ရှာဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
အစ္စရေးရဲ့ ခိုင်မာတဲ့ အဆင့်မြင့်နည်းပညာကဏ္ဍနဲ့ အစ္စရေး စီးပွားရေးရဲ့ အဓိက မောင်းနှင်အားဖြစ်တဲ့ ဆိုက်ဘာလုံခြုံရေးဟာ ထိပ်တန်းစက်မှုလုပ်ငန်းတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ပျောက်ဆုံးနေသူတွေနဲ့ ဓားစာခံ အယောက် ၂၀၀ နီးပါးကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်စေဖို့ ဉာဏ်ရည်တု (AI)၊ မျက်နှာနဲ့ အသံမှတ်မိခြင်း အပါအဝင် နောက်ဆုံးပေါ် နည်းပညာကို သုံးနေတဲ့ “war room” လို့ခေါ်တဲ့ အစီအစဉ်ကို စေတနာ့ဝန်ထမ်းတွေက ဖန်တီးခဲ့ကြပါတယ်။
“ပျောက်နေသူ တဦးချင်းစီရဲ့ အခြေအနေကို နားလည်ဖို့ ကျနော်တို့ ကြိုးစားနေပြီး ပျောက်ဆုံးနေသူ ၁,၀၀၀ ကျော် ကျန်နေသေးတယ်” လို့ ‘war room’ ရဲ့ အကြီးအကဲ ကာရင်းမ် နာအွန်မ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ခုအချိန်အထိ ရာချီတဲ့ အရပ်သားတွေကို ခြေရာခံရာမှာ အောင်မြင်ခဲ့ပြီး အစိုးရအတွက် အဓိက သတင်းအချက်အလက် အရင်းအမြစ် ဖြစ်လာတယ်လို့လည်း သူကပြောပါတယ်။
ခု အစိုးရဟာ ဒီအခန်းတွေကနေ ထွက်လာတဲ့ အချက်အလက်တွေကို အားကိုးပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရာမှာ စေတနာ့ဝန်ထမ်းတွေဟာ ဓားစာခံတွေကို ခြေရာခံ ဖော်ထုတ်နိုင်ပေမဲ့ ဓားစာခံတွေကို ဟားမတ်စ်တွေက ထိန်းသိမ်းထားဆဲဖြစ်လို့ အချိန်လုပြီး လုပ်ဆောင်နေကြရပါတယ်။
“အခု ဟားမတ်စ်တွေက သူတို့မှာရှိနေတဲ့ ဗီဒီယိုတွေကို ဖျက်လိုက်ပြီ၊ သတ်ပစ်ခံရတဲ့ ကလေးတွေရဲ့ အခန်းအသီးသီးကို ဘယ်လိုဝင်ကြလဲဆိုတာ တိုက်ရိုက်ထုတ်လွှင့်ထားတဲ့ ဗီဒီယိုနဲ့ ကြောက်စရာကောင်းတဲ့ ဓာတ်ပုံတွေကို တင်ထားတာ ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့က အခြေခံအားဖြင့် စောင့်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာတယ်ဆိုတာ နားလည်တာကြောင့် အခု သူတို့ အဲဒီဗီဒီယိုတွေကို ဖယ်ရှားနေပြီ” လို့လည်း ပြောခဲ့ပါတယ်။
Source/Photo-Reuters