DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေး သွားမည်
DVB
·
October 17, 2023
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေး သွားမည်
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အောက်တိုဘာ ၁၈ ရက်မှာ အစ္စရေးနိုင်ငံကို သွားရောက်မှာဖြစ်ပြီး အစ္စရေးမှာ သူ့ကိုယ်သူ ကာကွယ်ပိုင်ခွင့် ရှိနေတာကို ရှင်းလင်းအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အောက်တိုဘာ ၁၇ ရက်မှာ ကြေညာခဲ့ပါတယ်။

ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွတွေကို မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေချိန်မှာ ဘိုင်ဒင်ဟာ အစ္စရေးနဲ့ စည်းလုံးညီညွတ်မှုရှိကြောင်းကို ထပ်မံအတည်ပြုမှာဖြစ်ကြောင်းလည်း ဘလင်ကန်က နေတန်ယာဟုနဲ့ အချိန်အကြာကြီး ဆွေးနွေးပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။

“သမ္မတဘိုင်ဒင်ဟာ အောက်တိုဘာလ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ အစ္စရေးနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဒါဟာ အစ္စရေးအတွက်ရော၊ ဒေသတွင်းနဲ့ ကမ္ဘာအတွက်ပါ အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်တယ်” လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

ဟားမတ်စ်က အနည်းဆုံး အမေရိကန် အယောက် ၃၀ အပါအဝင် လူပေါင်း ၁,၄၀၀ ကျော်ကို သတ်ဖြတ်ပြီးကတည်းက ဘိုင်ဒင်ဟာ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ပြီး အစ္စရေးမှာ ဟားမတ်စ်နဲ့ တခြားအကြမ်းဖက်သမားတွေရဲ့လက်က ကာကွယ်ဖို့နဲ့ နောင်လာမယ့် တိုက်ခိုက်မှုတွေကို တားဆီးဖို့ အမှန်တကယ် တာဝန်ရှိကြောင်းကို ထပ်ပြီး ရှင်းလင်းအောင် သမ္မတဘိုင်ဒင်က လုပ်ဆောင်လိမ့်မယ်လို့ ဘလင်ကန်က ပြောပါတယ်။

ပထမအချက်ကတော့ အစ္စရေးက သူ့ပြည်သူတွေကို ကာကွယ်ဖို့ ဘာတွေလိုအပ်မလဲ ဆိုတာကို သမ္မတက နားထောင်ပေးမှာဖြစ်ပြီး အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း ကွန်ဂရက်လွှတ်တော်နဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။

ဒုတိယအချက်က ဘယ်သူမဆို အစ္စရေးကို တိုက်ခိုက်ပြီး ဒီအကျပ်အတည်းကို အခွင့်ကောင်းယူဖို့ ကြိုးစားတာမျိုး မလုပ်မိစေဖို့လည်း အလေးပေး ဖော်ပြထားပြီး ဒါ့ကြောင့် လေယာဉ်တင်သင်္ဘောအုပ်စု ၂ စုနဲ့ တခြားစစ်တပ်အင်အားတွေကို ဒေသတွင်းကို ဖြန့်ကျက် ချထားခဲ့တယ်လို့ ဆိုပါတယ်။

တတိယအချက်အနေနဲ့ သမ္မတဟာ မရှိမဖြစ် လူသားချင်း စာနာထောက်ထားမှု ကြိုးပမ်းမှုအဖြစ် ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အစ္စရေးမိတ်ဘက်တွေနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စတုတ္ထကတော့ သမ္မတဘိုင်ဒင်ဟာ အစ္စရေးရဲ့ စစ်ပွဲရည်မှန်းချက်တွေနဲ့ မဟာဗျူဟာအကြောင်း ကျယ်ပြန့်ပြည့်စုံတဲ့ အကျဉ်းချုပ်ကို လက်ခံရရှိမယ်လို့လည်း ဆိုပါတယ်။

ပဉ္စမအချက်အနေနဲ့ အရပ်သားသေဆုံးမှု အနည်းဆုံးဖြစ်အောင် အစ္စရေးက သူ့စစ်ဆင်ရေးကို ဘယ်လိုလုပ်ဆောင်မယ်၊ ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားတွေဆီကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးပို့မှုတွေကို ဟားမတ်စ်တွေ ကြားဖြတ် အမြတ်မထုတ်နိုင်အောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို အစ္စရေးဆီကနေ နားထောင်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောကြားသွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013