DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့ အမြန်ကြေးနဲ့ ၅ သိန်းခွဲခန့်အထိ ပေါက်ဈေး 
DVB
·
October 16, 2023
ပတ်စ်ပို့ အမြန်ကြေးနဲ့ ၅ သိန်းခွဲခန့်အထိ ပေါက်ဈေး 
Donate to DVB

မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပတ်စ်ပို့ ပုံမှန်အတိုင်း လျှောက်မယ်ဆိုရင် အချိန် ၄ လလောက် ကြာနိုင်ပေမယ့်  အမြန်ကြေးပေးပြီး လုပ်မယ်ဆိုရင် ဈေးနှုန်း ကျပ် ၅ သိန်းခွဲလောက်အထိ ပေါက်ဈေးရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေနဲ့ ပတ်စ်ပို့ ပွဲစားတွေထံက သိရပါတယ်။ 

ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးမှာတော့ အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ရက်ချိန်းရယူကာ ပတ်စ်ပို့ သက်တမ်းတိုးတာနဲ့ စာအုပ်အသစ် လျှောက်ထားတာ ပြုလုပ်ပေးနေပါတယ်။ အွန်လိုင်းစနစ်အတွက် QR code လျှောက်တာကိုလည်း ပွဲစားကတဆင့် လုပ်ရတဲ့ အခြေအနေတွေ ရှိပါတယ်။

နယ်ပတ်စ်ပို့ရုံးတွေမှာတော့ ရက်ချိန်းကို လူကိုယ်တိုင် တန်းစီစနစ်နဲ့ လျှောက်ရပြီး အမြန်လိုချင်သူတွေက အမြန်ကြေးပေးကာ မှောင်ခိုဈေးကွက်နဲ့ လုပ်ရတယ်လို့ ကိုယ်တိုင်ကြုံရသူ တယောက်က ပြောပါတယ်။

ကိုယ်တိုင်ကြုံရသူ တဦးက “သွားပြီးတော့ သူတို့ရဲ့ Procedure အတိုင်းဆိုရင် သူတို့ပေးတဲ့ ရက်ချိန်း ၄ လကြာကြာ၊ ၅ လကြာကြာ ထိုင်စောင့်၊ အဲဒီလို လုပ်နိုင်ရင် မလုပ်နိုင်ရင် ပွဲစားနဲ့ လုပ်ရင် ၅ သိန်းပေါ့။ အဲဒီကမှ ဘုမသိဘမသိ အလုပ်ပါ ရှာပေးမယ်တို့ ဘာညာ အလိမ်ခံရတာတွေလည်း ရှိတယ်။ ပုသိမ်မှာက Appointment ကို အွန်လိုင်းကနေ ယူမရဘူး။ သွားတန်းစီရတယ် မနက်စောစော၊ အဲဒါ သွားယူရင် ၄ လလောက် ခွာချိန်းတယ်။ ကျနော်တို့ မေးတယ် အပေါက်ဝမှာ Appointment ယူတာ အဲဒီလောက် ကြာတယ်ပေါ့။ အဲဒီလိုဆိုရင် ပွဲစားတွေနဲ့လုပ်ပေါ့ ဆိုပြီး သူတို့ ဖုန်းနံပါတ်ပေးတယ်။ ပွဲစားကို ဖုန်းဆက်ကြည့်ရင် အမြန်လုပ်လို့ရတယ် ၅ သိန်းကျမယ်။ Appointment ဖိုး၊ စာရွက်စာတမ်း ဘာတွေ လိုတယ် အဲဒါ ပြောတယ်။ စာအုပ်ထွက်ဖို့ တပတ်တော့ စောင့်ရတယ်”လို့ပြောပါတယ်။

လက်ရှိ ရန်ကုန် ပတ်စ်ပို့ရုံးမှာ ပုံမှန်အတိုင်း လျှောက်မယ်ဆိုရင် ၂၀၂၄ ခုနှစ် ၃ လပိုင်းမှ ရက်ချိန်း ရမှာဖြစ်ပြီး အမြန်လမ်းကြောင်းဆိုရင် ပြုလုပ်ခ ကျပ် ၅ သိန်းနဲ့ နှစ်ပတ်အတွင်း လုပ်ကိုင်နိုင်တယ်လို့ ပွဲစားတွေဆီက သိရပါတယ်။

ရန်ကုန်နဲ့ မြဝတီပတ်စ်ပို့ရုံးကလွဲရင် နယ်ရုံးတွေမှာ သက်ဆိုင်ရာမြို့နယ် အိမ်ထောင်စုစာရင်းနဲ့သာ ပတ်စ်ပို့လျှောက်ထားနိုင်ပြီး အမြန်ကြေး ၄၂၀,၀၀၀ ကနေ ၅ သိန်းခွဲလောက်အထိ ပေါက်ဈေးရှိပါတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာတဲ့အထိ ပြည်တွင်းမှာ နိုင်ငံရေး မငြိမ်သက်တာ၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ပြည်ပထွက်သူတွေများပြီး ပတ်စ်ပို့ မှောင်ခိုဈေးကွက်လည်း ပိုကျယ်ပြန့်လာပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ရက်ချိန်း ကြန့်ကြာတာတွေကြောင့် ပွဲစားကတဆင့် လုပ်ကြတာများတယ်လို့ ပတ်စ်ပို့ လုပ်သူတွေက ပြောပါတယ်။

ပတ်စ်ပို့ ပြုလုပ်သူတဦးက “အမြန်ကြေးက ၂ ပတ်ကြာတယ် ပြောတယ်။ နယ်မှာလည်း ၅ သိန်းခွဲ၊ ရန်ကုန်မှာလည်း ၅ သိန်းခွဲ၊ ရန်ကုန်မှာက နှစ်ပတ်စောင့်ပြီးမှ အထဲဝင်ရတယ်။ မြဝတီမှာတော့ ဘယ်နယ်နေနေ ရတယ်။ တခြားနယ်တွေကတော့ သိပ်မရဘူး။ နေပြည်တော်လိုပုံမျိုးဆို မရဘူး။ မြဝတီနဲ့ ရန်ကုန်မှာတော့ အကုန်ရတယ်။ အစုံရတယ်။ အမြန်ကြေးနဲ့ဆို ၅ သိန်းခွဲပေးပြီး ၂ ပတ်တွင်း ဝင်ရမယ်ပေါ့။ အခက်အခဲကတော့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားနဲ့ မွေးသက္ကရာဇ်တွေ မတူရင် ပွဲစားတွေကတဆင့် ပိုက်ဆံပေးပြီးမှ လုပ်ရတယ်။ ပိုက်ဆံကတော့ ၁ သိန်း ၂ သောင်းကျော်လောက် ပေးရတယ်။ များသောအားဖြင့် ထိုင်းနိုင်ငံကို သွားကြတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဝဘ်ဆိုဒ်မှာ ၂၄ နာရီအချိန်မရွေး အွန်လိုင်းရက်ချိန်း ရယူမှု လျှောက်ထားနိုင်ပြီး ရက်ချိန်း တရက်ကို လူဦးရေ ၂၅၀၀ ဝန်းကျင်စာ ထုတ်ပေးနေတာပါ။

စစ်ကောင်စီက ပွဲစားတွေကတဆင့် လိမ်လည်တာတွေ မရှိအောင် အွန်လိုင်း ဘွတ်ကင် စနစ်သစ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ခဲ့ပေမဲ့ ပတ်စ်ပို့ရုံးက ဝန်ထမ်းတွေနဲ့ ပွဲစားတွေနဲ့ ပူးပေါင်းပြီး လာဘ်စားပြီး ပတ်စ်ပို့ တွေမှောင်ခို လုပ်ပေးနေတာဖြစ်ပါတယ်။ 

မန္တလေးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးမှာတော့ စက်ပျက်နေတာကြောင့် ပတ်စ်ပို့အသစ် လုပ်ပေးတာတွေကို ယာယီရပ်နားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပတ်စ်ပို့စာအုပ် လုပ်ခ ပုံမှန်အတိုင်း လုပ်ရင် ငွေကျပ် ၃ သောင်းခွဲ ဝန်းကျင်သာ ကျသင့်ပေမဲ့ အမြန်ကြေးနဲ့ လုပ်မယ်ဆိုရင် ၄ သိန်းကျော်က စလို့ ၅ သိန်းခွဲလောက်အထိ ပြင်ပမှာ ပေါက်ဈေး ရှိနေပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013