
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဂျူးမျိုးနွယ်စုကို မုန်းတီးမှု၊ အစ္စလာမ်မုန်းတီးမှု၊ လိင်ပြောင်းခြင်းနဲ့ လိင်တူချစ်သူ LGBTQ တွေကို မုန်းတီးမှုတွေကို ရှုတ်ချတဲ့အကြောင်း အောက်တိုဘာလ ၁၄ ရက်မှာ ကျင်းပတဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု အမျိုးသားနေ့ ညစာစားပွဲမှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေးပိုင်နက်အတွင်း ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို အသက်ဆုံးရှုံးစေတဲ့ အထိ အမုန်းတရားဖော်ထုတ်မှုအဖြစ် ဘိုင်ဒန်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ အမေရိကန် ၂၇ ဦး အပါ အဝင် လူပေါင်း ၁၃၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၃၄၀၀ ကျော် ဒဏ်ရာရခဲ့ပြီးပါပြီ။
အစ္စရေးရဲ့ တန်ပြန်ထိုးစစ်ကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူဦးရေ ၂,၃၂၉ ဦးအထိ မြင့်တက်လာပြီး ၉၀၄၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အပြစ်မဲ့ ပါလက်စတိုင်း မိသားစု အများအပြားဟာ လူသားဒိုင်းအဖြစ် အသုံးချ ခံနေရတယ်လို့ သမ္မတဘိုင်ဒန်က ပြောရင်း ပါလက်စတိုင်း သေဆုံးမှု အတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။
LGBTQ မုန်းတီးမှုကို ဆန့်ကျင်တဲ့ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ဖြစ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ က ဝါရှင်တန် ဒီစီ မြို့တော်မှာ သူတို့ရဲ့ နိုင်ငံအဆင့် ညစာစားပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။
Source/Photo-Reuters










