
NCA ၈ နှစ်ပြည့်အခမ်းအနား လူစည်းကားအောင် နေပြည်တော်မှာရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ မဖြစ်မနေတက်ရောက်ရတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) မှာ NCA ၈ နှစ်ပြည့် အခမ်းအနားကို ပြုလုပ်နေပြီး တက်ရောက်ရတဲ့ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းတယောက်က “မနက်အစောကြီး ကတည်းက ဝဋ်ကြွေးတခုလို သွားထိုင်နေရတယ်။ ဝန်ကြီးဌာနက လူတွေအကုန်ပဲ။ လက်နက်ကိုင်နဲ့ နိုငံရေး လေ့လာသူတွေက အနည်းအကျဉ်း၊ ကျန်တာ ဝန်ထမ်းတွေ ချည်းပဲ” လို့ ပြောပါတယ်။
ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ ဝန်ကြီးဌာနတချို့က ဝန်ထမ်းတွေကို နိုင်ငံရေး စိတ်ပါဝင်စားသူနေရာက တက်ရောက်ဖို့အတွက် အရပ်ဝတ် ဝတ်ဆင်တက်ရောက်ဖို့ ပွဲမကျင်းပခင် တပတ်အလိုကတည်းက ညွှန်ကြားထားတာဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဝန်ထမ်းတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်က နိုင်ငံတကာနဲ့ သံတမန်တွေကြားမှာ ပြည်သူတွေက ငြိမ်းချမ်းရေးကို စိတ်ဝင်စားနေတဲ့ပုံစံမျိုး မြင်အောင်လုပ်တာ။ ယူနီဖောင်းဝတ်လို့မရဘူး။ အရပ်ဝတ်နဲ့ပဲတက်ရတာ။ ကျန်းမာရေးဘက်က သူနာပြုအဝတ်အစားတွေနဲ့လာလို့ ပြောခံရတယ်” လို့ ပြောပါတယ်။
NCA ပွဲကျင်းပရာမှာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် စီစဉ်ထားပြီး ကုန်ကျစရိတ် မှတ်တမ်းကို ပြန်လည်စစ်ဆေးမှာဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
NCA ၈ နှစ်ပြည့်အခမ်းအနားကို KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ EAOs ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်အောင်၊ ဦးမျိုးဝင်းတို့လည်း တက်ရောက်ပါတယ်။
NCA စာချုပ်ကို အစိုးရ၊ လွှတ်တော်၊ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊ RCSS၊ KNU/KNLA-PC၊ ALP၊ LDU၊ NMSP၊ DKBA အဖွဲ့တို့က နိုင်ငံတကာ အသိသက်သေတွေရှေ့မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ၈ နှစ်ပြည့် အခမ်းအနားကို NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ရခိုင်အမျိုးသားပါတီ ALP၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့တို့ကလွဲပြီး ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ မတက်ရောက်ကြပါဘူး။










