
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၂ ရပ်ကွက် အခြေခံပညာ အထက်တန်း ကျောင်းခွဲနားမှာ အောက်တိုဘာ ၁၃ ရက် နေ့လယ်က စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းသူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျောင်းသားမိဘတယောက်က “နှစ်ဝက်စာမေးပွဲရှိတယ်။ မနက်ပိုင်း စာမေးပွဲဖြေပြီး ထမင်းစားချိန် အပြန်မှာဖြစ်တာ။ ထိတာက ၄ ယောက်။ ၁ ယောက်က ဆေးရုံ အရောက်မှာပဲ ဆုံးသွားတာ။ ကျန်တဲ့ ၃ ယောက်လည်း ဒဏ်ရာများလို့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူ မမိုးမိုးအေး သေဆုံးခဲ့ပြီး အသက် ၆ နှစ်အရွယ် မဝေဝေနှင်း၊ အသက် ၁၂ နှစ် အရွယ် မခုခုဖောနဲ့ အသက် ၁၆ နှစ်အရွယ် မဆုယဉ်အေး တို့လည်း ကျည် ထိမှန် ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို မြို့ခံပရဟိအသင်းတွေက ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့ပါတယ်။မနေ့က အာရှလမ်းမကြီးဘေးမှာရှိတဲ့ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာ တံတားနားမှာပဲ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံခဲ့ရပြီး မြို့တွင်းမှာ တိုက်ပွဲမရှိဘဲ ကော့ကရိတ်မြို့အခြေစိုက် စကခ ၁၂ ရဲ့ လက်အောက်ခံ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။