DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ယူနစ် အကောင်အထည်ပေါ်ရေး ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်း
DVB
·
October 12, 2023
ဖက်ဒရယ်ယူနစ် အကောင်အထည်ပေါ်ရေး ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်း
Donate to DVB

မန္တလေး၊ စစ်ကိုင်း၊ မကွေးလွှတ်တော်ကိုယ်စားပြုကော်မတီ ၃ ခုပေါင်းဆွေးနွေးပွဲမှာ ဖက်ဒရယ်ယူနစ်တွေ အကောင်အထည်ပေါ်ရေးနဲ့ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး ဖက်ဒရယ်ယူနစ်တွေ အကောင်အထည်ပေါ်ရေးအတွက် တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့စည်းပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒေသအလိုက် ဖက်ဒရယ်ယူနစ်တခုချင်းစီ ဖွဲ့စည်းတည်ဆောက်ရေးအတွက် မြန်မာပြည် အလယ်ပိုင်း ဗမာတိုင်းရင်းသားအများစုအခြေစိုက်ရာ မန္တလေး၊ မကွေး၊ စစ်ကိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ၃ ခုဟာ အောက်တိုဘာ ၉ ရက်မှာ အွန်လိုင်းကနေ အစည်းအဝေးပြုလုပ်ခဲ့တာပါ။

ဆွေးနွေးမှုတွေဟာ ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကြမ်းအရ ဖြစ်ပေါ်လာတာပါ။ ဒီဥပဒေကြမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီကနေ ထွက်ပေါ်လာတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။

ဖက်ဒရယ်ယူနစ် ဆိုတဲ့အသုံးအနှုန်းဟာ နောင်ဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမှာ ပါဝင်တဲ့ တိုင်းနဲ့ပြည်နယ်တခုချင်းစီကို ယူနစ်တခုချင်းစီအဖြစ် ဥပဒေကြမ်းမှာ သတ်မှတ်သုံးနှုန်းထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ  ဦးမြင့်ထွေးက "မန္တလေး၊ စစ်ကိုင်း မကွေး တိုင်း ၃ တိုင်းပေါင်းထားတဲ့ ကော်မတီတရပ်ကတော့ ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ တော်လှန်ရေးကာလအတွင်းမှာ ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်းတွေ၊ တော်လှန်ရေးကာလနဲ့ ကိုက်ညီမယ့် ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေကို အားလုံးအပြန်အလှန် ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ကျနော်တို့လုပ်ဖော်ကိုင်ဖက် အိမ်နီးနားချင်းတွေကို အပြန်အလှန်ဆွေးနွေးကြတဲ့သဘောပဲဖြစ်ပါတယ်။ ကျနော်တို့အချင်းချင်းကြားမှာ သူ့အိမ် ကိုယ့်အိမ်ရဲ့ သာရေးနာရေး ဒီအကျိုးအကြောင်းလေးတွေကို ဆွေးနွေးကြတဲ့သဘော ညှိနှိုင်းကြတဲ့သဘောပါဗျ။"

ဖက်ဒရယ်ယူနစ်တခုချင်းစီအတွက် ကြားကာလအစီအမံ ဒါမှမဟုတ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို ပြင်ဆင်ဆောင်ရွက်ဖို့ ကော်မရှင်ဖွဲ့စည်းတာ၊ ကော်မရှင်လုပ်ငန်းတွေမှာ ပါဝင်သင့်သူတွေပူးပေါင်းလာရေးညှိနှိုင်းပေးမယ့် အဖွဲ့တခုဖွဲ့စည်းဖို့ စတဲ့အချက်တွေကို ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

ဖော်ပြချက်အတိုင်း NLD ပါတီတိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေပေါင်းပြီး တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးမှာ ညှိနှိုင်းရေးအဖွဲ့တွေဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မကွေးနယ်ခံ နိုင်ငံရေးသမားတဦးက "NUCC နဲ့ တိုင်းရင်းသားတွေမှာက သူတို့နဲ့ သက်ဆိုင်ရာသက်ဆိုင်ရာ နယ်မြေအကန့် နယ်ပယ်တွေမှာက သူတို့က မူဝါဒတွေ ရှေ့ဆက်ပြီး ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတဲ့ ပေါ်လစီတွေ လုပ်ငန်းစဉ်တွေချမှတ်ထားပြီးသားရှိတယ်။ တိုင်းတွေမှာကြတော့ ဗမာကိုကိုယ်စားပြုပြီးတော့မှ ဖက်ဒရယ်ဖြစ်သွားကြရင် ဘယ်လို ဆုံးဖြတ်မယ်ဆိုတာမသိသေးဘူး။ အဓိကကတော့ လာမယ့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာက နယ်မြေဒေသနဲ့ပဲ ကန့်သတ်မလား၊ လူမျိုးစုနဲ့ပဲကန့်သတ်မလားဆိုတာ ဘာနဲ့သွားမယ်ဆိုတာ မသေချာသေးဘူး။ သေချာတာတခုက ဘာရှိလဲဆိုတော့ ဘာနဲ့သွားသွား ပြဿနာတွေက အနည်းနဲ့ အများရင်ဆိုင်ကြရမယ် ဖြေရှင်းလို့ရနိုင်တာတွေရှိသလို ဖြေရှင်းလို့ မရနိုင်တာတွေလည်း ရှိလာနိုင်တယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း လွတ်လပ်ရေးရပြီးစ ၁၀ နှစ်တာကာလလို သမိုင်းတပတ်ပြန်လည်နိုင်တယ်။ ဆိုလိုတာကတော့ ပြည်တွင်းစစ်မီး ဆက်လက်ပြီးတော့ ပွားနေနိုင်တယ်ဆိုတာမျိုး အဓိပ္ပါယ်လည်း ချလို့ရတယ်။ ခုနပြောတဲ့ ဖက်ဒရယ်ယူနစ်တွေ ဆိုတာကတော့ ဗမာကိုယ်စားပြုပြီးတော့ လက်ရှိ ရှိပြီးသားတိုင်းတွေအနေနဲ့ ကြိုတင်ပြင်ဆင်တဲ့ သဘောပါပဲ။"

ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်းမှာ ပါဝင်တဲ့ ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးဆိုင်ရာလုပ်ငန်းတွေနဲ့ဆက်စပ်တဲ့ ကော်မရှင်ဖွဲ့စည်းရေး၊ ညှိနှိုင်းရေးအဖွဲ့မှာ ပါဝင်မယ့်သူတွေရဲ့အရည်အချင်းသတ်မှတ်ချက်၊ မြေပြင်လက်နက်ကိုင် အင်အားစုတွေရဲ့ပါဝင်ခွင့် အတိအလင်းမရှိတာ၊ ဥပဒေအဖြစ်အတည်မပြုရသေးဘဲ ဥပဒေကြမ်းပါ ဖော်ပြချက်တချို့ကို မြေပြင်မှာဆောင်ရွက်နေတာ စတဲ့အချက်တွေနဲ့ပတ်သက်ပြီး မြေပြင်အစုအဖွဲ့တွေဘက်က ဝေဖန်မှုတွေရှိနေပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ အဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုးက"ဘယ်အဖွဲ့အစည်း ဘာကိုမှ စိတ်မဝင်စားဘူး။ ကျနော်တို့က တိုက်ခိုက်မယ်၊ တော်လှန်မယ်၊ ဒီကောင်တွေကို ဘယ်လိုဒုက္ခပေးရမလဲဒါပဲ ကျနော်တို့မှာရှိတယ်။ ဒါ ကျနော့်ဆုံးဖြတ်ချက်ပါဗျ။ ခုချိန်မှာ သူတို့ဘက်ကပြောင်းလဲနေတာက ဒလန်မဟုတ်တော့ဘူးဗျ၊ သူလျှိုခေတ်ဖြစ်သွားပြီ၊ သူလျှိုခေတ်ဖြစ်တဲ့အချိန်မှာ ဒီလိုအဖွဲ့အစည်းတွေများလာလို့ရှိရင် သူ့လူလိုလို ကိုယ့်လူလိုလိုနဲ့ သူလျှိုဆိုတာကဘယ်သူမှမမြင်နိုင်ဘူး၊ ဒလန်က မြင်လို့ရတယ်၊ ခန့်မှန်းလို့ရတယ်၊ အဲဒီတော့ အဲဒါကို သတိထားရမယ်၊ အဖွဲ့အစည်းတွေများလာလေ သွေးခွဲဖို့ ပိုကောင်းလာလေလို့ ကျနော်ကတော့ သုံးသပ်မိတယ်”လို့ ပြောပါတယ်။

ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကြမ်းဟာ တိုင်းနဲ့ပြည်နယ်အဆင့် အခြေခံဥပဒေအတွက် ရည်ညွှန်းထားတဲ့ဥပဒေကြမ်းဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တွေကို ဖက်ဒရယ်ယူနစ်အဖြစ်သုံးနှုန်းပြီးလုပ်ငန်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ NUG အစိုးရနဲ့ တိုင်းရင်းသားအစုအဖွဲ့တွေဘက်က အတည်ပြုထားတာတော့မရှိသေးပါဘူး။

မေလတုန်းကပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းတိုင်းကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအစုအဖွဲ့ ဒါမှမဟုတ် အတိုင်ပင်ခံကောင်စီကို တိုင်းရင်းသားဒေသတွေမှာလို ဖွဲ့စည်းနိုင်ရေး ဆွေးနွေးချက်တွေရှိခဲ့တာပါ။

စစ်ကိုင်းတိုင်း မြေပြင်မှာပြန့်ကျဲနေတဲ့ တော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့တချို့ကြားမှာ သဘောထားမတိုက်ဆိုင်တာတွေရှိခဲ့သလို နိုင်ငံရေးအရရပ်ခံမှုတွေကလည်း မတူညီကြဘဲ ညှိနှိုင်းဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013