DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်းကို တိုက်ခိုက်မှု ကုလသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်  ရှုတ်ချ 
DVB
·
October 11, 2023
ကချင်စစ်ရှောင်စခန်းကို တိုက်ခိုက်မှု ကုလသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်  ရှုတ်ချ 
Donate to DVB

စစ်ဘက်ရေးရာ ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ ကချင်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့  အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ် စတဲ့ နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီး၊ မုန်လိုင်ခက်စစ်ရှောင်စခန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၂၉ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က မြန်မာစစ်တပ်က ဗုံးကြဲချလို့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးရတဲ့ သတင်းကိုကြားမိပြီး စိုးရိမ်ထိတ်လန့်မိကြောင်းနဲ့ ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေ တာဝန်ခံရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်စေတဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံအနှံ့က တိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်မှုအားလုံးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးချပြီး မြန်မာ့အရေးမှာ ကူညီဖြေရှင်းပေးကြဖို့ တိုက်တွန်းကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေး ဥပဒေအရ အရပ်သားတွေကို ကာကွယ်ပေးရမှာ ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ်က  ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကချင်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးမှုတွေရှိတာကို ကြားသိရပြီး အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်းတည်းက စစ်အာဏာရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဒေသတွင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ လူလုပ်ကပ်ဘေးဟာ ပိုပိုပြီးသာ ဆိုးရွားလာနေခဲ့ကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၆ သန်းရှိပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံသားတွေ၊ ခွဲခြားမှုမရှိတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးကို ငြိမ်းချမ်းစွာဆောင်ရွက်နေကြသူတွေကို ဆက်လက်ထောက်ခံအားပေးနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ကနေဒါနိုင်ငံကလည်း  ကလေးငယ်အများအပြားအပါအဝင် အနည်းဆုံး အရပ်သား ၂၉ ယောက်ကို အသက်ဆုံးရှုံးစေခဲ့ပြီး အများအပြားကို ဒဏ်ရာရစေခဲ့တဲ့ တိုက်ခိုက်မှု သတင်းတွေကြောင့် ထိတ်လန့်တုန်လှုပ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ပါတယ်။

နေရပ်ပြောင်းရွှေ့နေထိုင်သူတွေဟာ မြန်မာနိုင်ငံမှာ  စစ်တပ်ရဲ့ ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုဒဏ်ကို ခံနေရတဲ့ ထိလွယ်ခိုက်လွယ်ဆုံး အရပ်သားတွေဖြစ်တယ်၊ အရပ်သားတွေကို တိုက်ခိုက်တာဟာ နိုင်ငံတစ်ဝန်း ဆိုးရွားတဲ့ အန္တရာယ်နဲ့ ထိခိုက်နစ်နာမှုတွေ ဆက်လက်ဖြစ်ပွားစေမယ်၊ အရပ်သားတွေကို ပစ်မှတ်ထားတာနဲ့ သတ်ဖြတ်တာက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်လို့ အဆိုပါ အကြမ်းဖက် လုပ်ရပ်ကို ရှုတ်ချတယ်လို့ ကနေဒါက ပြောပါတယ်။

အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ အရပ်သားတွေအပေါ် ပစ်မှတ်ထားတာကို အဆုံးသတ်ဖို့၊ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့နဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ အပြည့်အဝနဲ့ အကန့်အသတ်မရှိ ပေးခွင့်ပြုဖို့လည်း ကနေဒါက ထပ်မံတောင်းဆိုလိုက်ပါတယ်။

အဲဒီလို အရပ်သားစစ်ရှောင်စခန်းကို ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြင်သစ်နိုင်ငံကလည်း ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချလိုက်ပြီး အခုလို အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေး ဥပဒေတွေကို မြန်မာစစ်တပ်က လုံးဝမထေမဲ့မြင်ပြုထားတယ်ဆိုတဲ့အပေါ် နောက်ထပ်သက်သေခံလိုက်တဲ့ ဖြစ်ရပ်တစ်ခုပဲလို့  ပြင်သစ်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ပါ သတ်မှတ်ညွှန်ကြားချက်တွေကို လိုက်နာပြီး စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေးဖို့၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သဘောတူညီချက် ၅ ချက်နဲ့ မြန်မာအရေးဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုကိုလည်း ပြင်သစ်က အားပေးထောက်ခံကြောင်း၊ အာဏာလုယူထားတဲ့ မြန်မာစစ်အာဏာရှင်တွေကို ဥရောပသမဂ္ဂမိတ်ဘက်နိုင်ငံတွေနဲ့အတူ စီးပွားရေး ပိတ်ဆို့အရေးယူ မှုတွေ ဆက်လက်ဆောင်ရွက်နေသလို၊ မြန်မာစစ်တပ်ကပေးတဲ့ ဘေးဒုက္ခတွေကို ရင်ဆိုင်ခံစားနေရတဲ့ အရပ်သားဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေကိုလည်း ဆက်လက် ကူညီသွားမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့  မုန်လိုင်ခက် စစ်ရှောင်စခန်းကို  သူတို့ တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာမဟုတ်တဲ့အကြောင်းနဲ့  ဒီကိစ္စ စုံစမ်းနေတုန်းပဲလို့  ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013