
ဟားမတ်စ်တို့ရဲ့ အသေအပျောက်များတဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးကို ထောက်ခံဖို့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် ချက်ခ်ရှူးမားက တရုတ်အစိုးရကို အောက်တိုဘာ ၉ ရက်မှာ ဆော်ဩလိုက်ပါတယ်။
သီတင်းပတ်ကုန်ရက်က ဖြစ်ရပ်အတွက် အစ္စရေးအပေါ် မစာနာကြောင်းပြခဲ့တဲ့ တရုတ်အစိုးရကို စိတ်ပျက်မိတယ်လို့လည်း သူက ပြောပါတယ်။
အစ္စလာမ္မစ်အုပ်စု ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေးမြို့တွေကို တိုက်ခိုက်ခဲ့အပြီး အစ္စရေးနိုင်ငံသား အယောက် ၇၀၀ ကျော် သေဆုံးခဲ့တာပါ။ နောက်ထပ် အစ္စရေး အယောက် ၁၅၀ ကျော်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က ယွန်းကစ်ပါ စစ်ပွဲအပြီး အသေအပျောက် အများဆုံး ကျူးကျော်စစ်လည်း ဖြစ်ပါတယ်။
ချပ်ခ် ရှူးမားရဲ့ စကားကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာအဖွဲ့တွေ အနေနဲ့ အရပ်သားတွေကို ကာကွယ်ပေးနိုင်ရေး ရန်လိုတာတွေကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပဋိပက္ခကနေ ထွက်မြောက်နိုင်မယ့် အခြေခံနည်းလမ်းက နှစ်နိုင်ငံ ဖြေရှင်းချက်ကို အကောင်အထည်ဖော်ဖို့နဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံကို ထူထောင်ဖို့ပဲလို့လည်း ဆက်ပြောခဲ့ပါတယ်။
ရှူးမားဟာ တောင်ကိုရီးယားနဲ့ ဂျပန် အပါအဝင် အာရှခရီးစဉ်အတွက် အမေရိကန် နိုင်ငံရေးပါတီ ၂ ရပ်လုံးက လွှတ်တော်အမတ်တွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူပါ။
အမေရိကန် စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားတွေကို မြှင့်တင်ဖို့ ဒီခရီးစဉ်က ရည်ရွယ်ထားပြီး တရုတ်နိုင်ငံမှာ ရောက်နေချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဖို့ မျှော်လင့်ထားပါတယ်။
Source/Photo-Reuters










